Sunday, 26 July 2015

ဝဋ်ဆိုတာ လည်စမြဲပဲလေ

ဝဋ်ဆိုတာ လည်စမြဲပဲလေ
‘၀ဋ်’ ဆိုတာ ‘၀ဋ္ဋ’ ဆိုတဲ့ ပါဠိကနေ လာတာ၊ ပါဠိပျက် စကားလုံး ပါဠိမွေးစား စကားလုံးပေါ့။ ဘာကို ၀ဋ်ခေါ်သလဲ ဆိုတော့ ‘အစဉ်မပြတ် အဆက်မပြတ် အထပ်ထပ် လည်ပတ်ဖြစ်နေတဲ့ ရုပ်တရား နာမ်တရား အားလုံး’ ကို ‘၀ဋ်’ လို့ ခေါ်တာ။
‘၀ဋ်လည်တယ်’ လို့လည်း ပြောကြတယ်၊ ၀ဋ်လိုက်တယ်လို့လည်း ပြောကြတယ်၊ ၀ဋ်က လည်တာလား၊ လိုက်တာလား။ ကုသိုလ်ကံ အကုသိုလ်ကံတွေပြုတော့ ‘ကမ္မ၀ဋ်’၊ ဒီကံတွေကြောင့် ကောင်းကျိုး ဆိုးကျိုးတွေ ရတော့ ‘၀ိပါက၀ဋ်’၊ လောဘဒေါသကိလေသာတွေ ဖြစ်တော့ ‘ကိလေသ၀ဋ်’ ၀ဋ်က ဒီလို သုံးပါးရှိတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ဟာ ဘ၀တစ်ခုမှာ နွားကျောင်းသား ဖြစ်စဉ်က မျှော့သတ္တ၀ါအပေါ် ဆားပုံခဲ့သတဲ့။ ဒါက ကမ္မ၀ဋ်ပေါ့။ အဲဒီ ကမ္မ၀ဋ်ကြောင့် ရဟန္တာ ဖြစ်ပေမယ့် ပရိနိဗ္ဗာန် စံဝင်တဲ့အခါ သွေးအန်ပြီးတော့ စံရတယ်၊ ဒါက ၀ိပါက၀ဋ်။
အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ဟာ မယားဆိုးရဲ့ ကုန်းချောမှုကြောင့် မိဘနှစ်ပါးကို ရိုက်သတ်ခဲ့တယ်။ အဲဒီ ကမ္မ၀ဋ်ကြောင့် နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော့ ခိုးသားငါးရာတို့ရဲ့ အရိုက်အနှက် ခံရပြီး ပရိနိဗ္ဗာန် ပြုရတယ်။ ဒါက ၀ိပါက၀ဋ်။
အရှင်စက္ခုပါလ ရဟန္တာမထေရ်မြတ်ဟာ ဆေးဆရာ ဘ၀တုန်းက ဆေးဖိုးမပေးချင်တဲ့ လူနာကို မျက်စိကန်းအောင် လုပ်ခဲ့တယ်။ အဲဒီ ကမ္မ၀ဋ်ကြောင့် ရဟန္တာ ဖြစ်ပေမယ့် မျက်စိကွယ်ရတယ်။ ဒါက ၀ိပါက၀ဋ်။
ဘုရားရှင်ဟာ ဘုရားဖြစ်ဖို့အတွက် ဒုက္ကရစရိယာ အကျင့်ကို ငတ်ငတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲ ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့ရတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က ဘာလဲဆိုတော့ ဇောတိပါလ ပုဏ္ဏားဖြစ်စဉ်က ကဿပ ဘုရားရှင်ကိုယ်တော်မြတ် ဒုက္ကရစရိယာ ခြောက်လကျင့်တယ်ဆိုတာ ကြားတော့ ငါဘုရားဖြစ်တဲ့အခါ ခြောက်နှစ်ကျင့်ပြမယ်လို့ နှုတ်လွန်ခဲ့တဲ့ ၀စီကံပဲ။
တစ်ခါတော့ ဂေါတမဘုရားရှင် ပရိသတ်လေးပါးအလယ် တရားဟောနေခိုက် စိဉ္စမာဏ မိန်းမယုတ်က ဗိုက်ကို သစ်သားပြားတွေ ကပ်ချည်ကာ ကိုယ်ဝန်ရှိတဲ့ ပုံစံနဲ့ “ဂေါတမ...သင်က ဒီမှာလာပြီး သူတော်ကောင်းယောင် ဆောင်နေတယ်၊ သင်နဲ့ ရထားတဲ့ ဒီဗိုက်က ဘယ်သွားမွေးရမှာလဲ” လို့ စွပ်စွဲတာကို ခံရတယ်။ ဒါက ၀ိပါက၀ဋ်။ ဘ၀တစ်ခုမှာ ဘုရားအလောင်းဟာ အရက်သမား ဖြစ်ခဲ့တယ်။ လမ်းတစ်နေရာ ဆွမ်းခံရပ်နေတဲ့ ပစ္စေကဗုဒ္ဓ အရှင်မြတ်တစ်ပါးကို “ဒီရဟန်းဟာ အကျင့်ယုတ်သူပဲ” လို့ အရက်မူးမူးနဲ့ စွပ်စွဲမိတယ်။ ဒါက ကမ္မ၀ဋ်ပေါ့။
တိတ္ထိတွေဟာ ဘုရားရှင်ကို တိုက်ခိုက်လိုသဖြင့် သူတို့တပည့် သုန္ဒရီပုရဗိုဇ်မကို ညနေခင်း လူတွေ ဘုရားကျောင်းတော်မှ တရားနာပြန်ချိန်မှာ ကျောင်းတော်ကို သွားတဲ့ပုံစံ လုပ်ခိုင်းတယ်။ လူတွေက မေးတဲ့အခါ ကျောင်းတော်သွားပြီး ဂေါတမနဲ့ အတူအိပ်မှာ ဖြစ်တဲ့အကြောင်း ဖြေခိုင်းတယ်။ နံနက်ခင်း လူတွေ ဘုရားဖူးလာချိန်မှာ ကျောင်းတော်က ပြန်လာတဲ့ဟန် ပြုခိုင်းတယ်။ လူတွေက မေးတဲ့အခါ ဂေါတမနဲ့အိပ်ပြီး ပြန်လာတာလို့ ဖြေခိုင်းတယ်။ လူတွေ သံသယဖြစ်အောင် လုပ်ထားတယ်။
နောက်တော့ တိတ္ထိတွေဟာ သုန္ဒရီပုရ ဗိုဇ်မကိုသတ်ပြီး ဘုရားကျောင်းအနီးမှာ ပစ်ထားကြတယ်။ ဂေါတမက လက်သည်ပေါ်လာလို့ အစဖျောက်လိုက်တာပဲလို့ စွပ်စွဲကြတယ်။ သဒ္ဓါတရား နည်းတဲ့သူတွေက အဟုတ်ထင်ကြတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က မုနာဠိအမည်ရှိ လုလင်ပျိုဖြစ်စဉ်က ပစ္စေက ဗုဒ္ဓအရှင်မြတ်တစ်ပါးကို အကျင့်ယုတ်သူလို့ စွပ်စွဲခဲ့တယ်။
ဘုရားရှင်ဟာ သုန္ဒရီ အသတ်ခံရမှုနဲ့ စပ်လို့ လူအများရဲ့ ယုံမှားသံသယဖြစ်မှုကို ခံရတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က ရသေ့ဖြစ်စဉ်က အခြားဈာန်ရ ရသေ့တစ်ပါးကို ငြူ စူစောင်းမြောင်းခဲ့တယ်။
ဘုရားရှင်ဟာ ဂိဇ္ဈကုဋ်တောင်ခြေ စင်္ကြံကြွတော်မူစဉ် အရှင်ဒေ၀ဒတ်က ကျောက်တုံးလှိမ့်ချပြီး လုပ်ကြံမှုကို ခံတော်မူရတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က ရှေးအခါ သူကြွယ်ညီနောင်ဖြစ်စဉ်က ညီဖြစ်သူကို အမွေခွဲမပေးချင်လို့ ကျောက်တုံးနဲ့ ထုသတ်ခဲ့တယ်။
အရှင်ဒေ၀ဒတ်က ကျောက်တုံးနဲ့ လှိမ့်ချတဲ့အခါ ကျောက်လွှာတစ်ခုပဲ့ပြီး ဘုရားရှင်ရဲ့ ခြေမတော်ကို မှန်ကာ အနာဖြစ်သွားတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က ရှေးအခါ သူငယ်ဘ၀မှာ ပစ္စေကဗုဒ္ဓတစ်ပါးကို ခဲနဲ့ပေါက်ရာ ခြေထောက်ကို ထိမှန်သွားခဲ့တယ်။
ဘုရားရှင် ရာဇဂြိုဟ်မြို့ ဆွမ်းခံကြွစဉ် အရှင်ဒေ၀ဒတ်နဲ့ အဇာတသတ် ဆရာဒကာ ပူးပေါင်းကြံစည်ကာ နာဠာဂီရိဆင်ကြီးအား အရက်တိုက်ပြီး ဆင်နဲ့တိုက်ခိုက်စေတာကို ရင်ဆိုင်ရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ ဆင်ထိန်းဖြစ်စဉ်က ပစ္စေကဗုဒ္ဓတစ်ပါးကို ဆင်နဲ့ တိုက်ခဲ့တယ်။ ဒါက ကမ္မ၀ဋ်။
ဘုရားရှင် ခြေမတော် ကျောက်လွှာထိမှန်မှုကြောင့် အနာဖြစ် မန်းဝင်ပုပ်ဆွေး ပြည်တည်တဲ့အခါ ဆရာဇီဝက ဓားနဲ့ခွဲတာ ခံတော်မူရတယ်။ ဒါက ၀ိပါက၀ဋ်။
ရှေးအခါ ပဒေသရာဇ် မင်းတစ်ပါးဖြစ်စဉ်က အရက်မူးပြီး လူတစ်ယောက်ကို သတ်ခဲ့တယ်။ ဒါက ကမ္မ၀ဋ်။ ဘုရားရှင်ဟာ မကြာခဏ ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်၊ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ တံငါဖြစ်စဉ် တံငါတစ်ယောက်က ငါးကို ခေါင်းထုရိုက်သတ်တာကို ၀မ်းမြောက်ဝမ်းသာ အားပေးခဲ့တယ်။ ဒါက ကမ္မ၀ဋ်။
ဘုရားရှင် ဝေရဉ္ဇပြည်မှာ ၀ါကပ်စဉ် မာရ်နတ်မင်းရဲ့ လှည့်စားမှုကြောင့် ဘယ်သူမှ ဆွမ်းမလောင်းကြလို့ မြင်းစာ ပြောင်းဆန်ကြမ်းကို ၀ါတွင်းသုံးလ ဘုဉ်းပေးတော်မူရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ ဘ၀တစ်ခုမှာ ရဟန်းတော်များ ဆွမ်းကပ်နေစဉ် ထမင်းကြမ်းစားသူတွေလို့ ပြောခဲ့တယ်။ ဒါက ကမ္မ၀ဋ်။ ဘုရားရှင်ဟာ ခါးကိုက်ဝေဒနာကို မကြာခဏ ခံစားတော်မူရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ လက်ဝှေ့သမားဖြစ်စဉ်က ရှုံးသူမှန်သမျှ ခါးရိုးကို မြေကြီးနဲ့ ကိုင်ရိုက်ခဲ့တယ်။ ဒါက ကမ္မ၀ဋ်။
ဘုရားရှင်ဟာ ဆဒ္ဒန်ဆယ်စီး အားကြီးပေမယ့် ပရိနိဗ္ဗာန် ပြုတော်မူတဲ့အခါ ၀မ်းတော်လား အားအင်ကုန်ခန်း ညှိုးနွမ်းပျော့ခွေ ပရိနိဗ္ဗာန် ပြုရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ ဆေးဆရာတစ်ယောက် ဖြစ်ခဲ့စဉ်က ဆေးဖိုးမပေးတဲ့ သူဌေးတစ်ယောက်ကို ၀မ်းနုတ်ဆေးတွေ ကျွေးခဲ့တယ်။ ဒါက ကမ္မ၀ဋ်။ ဗိမ္ဗိသာရမင်းကြီးဟာ သားမိုက်အဇာတသတ်ရဲ့ အမိန့်အာဏာနဲ့ ခြေဖ၀ါးဓားခွဲ ဆားပက်မီးကင်တာခံရပြီး နတ်ရွာစံရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါက စေတီရင်ပြင်မှာ ဖိနပ်စီးခဲ့တယ်။ ခြေမဆေးဘဲ သံဃာတွေအတွက် ခင်းထားတဲ့ အခင်းပေါ်မှာ နင်းခဲ့တယ်။ ဒါက ကမ္မ၀ဋ်။
အဇာတသတ်က ဖခင်ဗိမ္ဗိသာရကိုသတ်ပြီး ဘုရင်တက်လုပ်တယ်။ အဇာတသတ်ရဲ့သား ဥဒယမင်းသားက ဖခင်အဇာတသတ် ဘုရင်ကိုသတ်ပြီး ဘုရင်တက်လုပ်တယ်။ ဥဒယဘုရင်ရဲ့သား မဟာမုဏ္ဍိကမင်းသားက ဖခင်ဥဒယဘုရင်ကိုသတ်ပြီး ဘုရင်တက်လုပ်တယ်။ မဟာမုဏ္ဍိက ဘုရင်ရဲ့သား အနုရုဒ္ဓမင်းသားက ဖခင် မဟာမုဏ္ဍိက ဘုရင်ကို သတ်ပြီး ဘုရင်တက်လုပ်တယ်။ အနုရုဒ္ဓဘုရင်ရဲ့သား နာဂဒါသမင်းသားက ဖခင်အနုရုဒ္ဓ ဘုရင်ကို သတ်ပြီး ဘုရင်တက်လုပ်တယ်။ ဒီလိုနဲ့ အဖသတ်ဇာတ်လမ်း ကမ္မ၀ဋ် ၀ိပါက၀ဋ်တွေ လည်နေတယ်။ နောက်တော့မှ တိုင်းပြည်က ဒီအစဉ်အလာကြီး မကောင်းပါဘူးဆိုပြီး မျိုးနွယ်ဖြတ်ပစ်လိုက်ကြတယ်။
ယခု ဆိုခဲ့တာတွေဟာ အကုသိုလ် ကမ္မ၀ဋ်နဲ့ အကုသလ၀ိပါက် ၀ိပါက၀ဋ်တွေပဲ။ အများ နားလည်နေတာကလည်း ၀ဋ်ဆိုရင် ဆိုခဲ့တဲ့အတိုင်းပဲ မကောင်းတဲ့ဘက်ကပဲ မြင်နေကြတယ်။ တကယ်တော့ ကုသိုလ်ကံကြောင့် ကောင်းကျိုးတွေရတာလည်း ၀ဋ်လည်နေတာပဲ။ အကုသိုလ်ကံကြောင့် မကောင်းကျိုး ဆိုးကျိုးတွေ ရနေတာလည်း ၀ဋ်လည်နေတာပဲ။ ၀ဋ်ဆိုတာ ကောင်း၊ မကောင်း နှစ်မျိုးလုံးနဲ့ ဆိုင်တယ်။ ကောင်းတဲ့ ကုသိုလ်ကံ ကမ္မ၀ဋ်ကြောင့် လူ့ဘုံနတ်ဘုံ ဗြဟ္မာဘုံဆိုတဲ့ သုဂတိဘုံတွေမှာ ၀ိပါက၀ဋ် အဖြစ်နဲ့ လည်ရတယ်။ မကောင်းတဲ့ အကုသိုလ်ကံ ကမ္မ၀ဋ် ကိလေသ၀ဋ်ကြောင့် ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး ဒုဂ္ဂတိဘုံမှာ ၀ိပါက၀ဋ် အဖြစ်နဲ့ လည်ရတယ်။ သံသရာလည်တာနဲ့ ၀ဋ်လည်တာ အတူတူပါပဲ။ တကယ်တော့ ‘၀ဋ္ဋံတေဘူမကံ ဒုက္ခံ’ ဆိုတဲ့ ပါဠိအရ ဘုံသုံးပါးမှာ ဖြစ်နေတဲ့ ၀ဋ်သုံးပါးလုံးဟာ ဒုက္ခတွေချည်းပါပဲ။ ဘာပဲပြုပြု တဏှာအစေး မကင်းသမျှ ဒုက္ခရောက်ကြောင်း သမုဒယချည်းပါပဲ။ ဖြစ်ချင်မှု၊ လိုချင်မှု၊ တပ်မက်မှု တဏှာအစေး ကင်းမှသာ သံသရာရပ်ပြီး ၀ဋ်က ပြတ်မှာပါ။ ကုသိုလ်တွေ အကုသိုလ်တွေကုန် ကမ္မ၀ဋ် ကိလေသ၀ဋ် နှစ်ပါးပြတ်မှ ၀ိပါက၀ဋ်လည်း ငြိမ်းမှာပါ။ ၀ဋ်သုံးပါးလုံးငြိမ်းမှ ၀ဋ်ကျွတ်မှာပါ။ ကုသိုလ် အကုသိုလ်တွေ ရှိနေသမျှ ၀ဋ်ဆိုတာ လည်နေဦးမှာပါ၊ ရုပ်နာမ်နှစ်ပါး မချုပ်ငြိမ်းသေးသမျှ သံသရာလည်နေသမျှတော့ ၀ဋ်ဆိုတာ လည်စမြဲပဲလေ။
Writer:
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

0 comments:

Post a Comment