Monday, 3 November 2014

အရှင်ရာဟုလာ၏ တော်ဝင်စိတ်ထားများ

 
ဘုရားရှင်ရဲ့ သားတော် ကိုရင်ရာဟုလာဟာ သာသနာ့သမိုင်း စာမျက်နှာမှာ အင်မတန် ထင်ရှားကျော်ကြားလှပါတယ်။ မသိသူ မရှိသလောက်ပဲလို့ ပြောရမှာပါ။ ခုနှစ်နှစ်သားအရွယ်မှာ ရှင်သာသဏေဖြစ်လာခဲ့တဲ့ ကိုရင်ရာဟုလာဟာ မျိုးရိုးဘက်ကကြည့်ရင်လည်း သာမီဝင်မျိုး။ ရုပ်ရည် ဥပဓိဘက်ကကြည့်ပြန်ရင်လည်း စကြာဝတေးမင်းဖြစ်လောက်တဲ့ ရုပ်ရည်ဥပဓိပိုင်ရှင်။ စည်းစိမ် ဥစ္စာဘက်ကကြည့်ပြန်တော့ ကပိလ၀တ်နေပြည်တော်ရဲ့ ထီးမွေနန်းမွေကိုဆက်ခံရမယ့် ရှင်ဘုရင် လောင်းလျာတစ်ပါးဖြစ်ပါတယ်။
 အစစအရာရာ ပြည်စုံအထက်တန်းကျ
လွန်းတဲ့ ပုဂ္ဂိုလ်မြတ်လို့ ပြောရမှာပါ။ ကိုရင်ရာဟုလာဟာ ရုပ်ဝတ္ထုဘက်ကသာ အထက်တန်းကျတဲ့ သူလားလို့ မေးစရာရှိပါ တယ်။ မဟုတ်ပါဘူး။ နှစ်လုံးသားလှပတဲ့နေရာ၊ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတဲ့ နေရာ မှာလည်း သူမတူအောင်ပါပဲ။
ရာဟုလာဟာ သိက္ခာသုံးပါးအဆုံးအမတရားကို မြတ်နိုးတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တယ်လို့ ဘုရားကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူး နဲ့ ချီးကျူးတော်မူခဲ့ရတဲ့အထိပါ။ ကိုရင်ရာဟုလာအကြောင်းကို
တွေးမိတဲ့အခါတိုင်း ကြည်နူးမှု၊ ကြည်ညိုမှု၊ အားကျမှု၊ ရသမျိုး  စုံကို တပြိုင်နက်တည်း ခံစားရစမြဲပါ။ တဆက်တည်းမှာပဲ မြင့်မြတ်တဲ့ဘ၀တစ်ခုတည် ဆောက်ဖို့ အရေးမှာ
"အဆုံးအမသြ၀ါဒ "အခန်းကဏ္ဍဟာ"မရှိမဖြစ်မိုး" လို့ ဆိုရလောက်အောင် အရေးကြီး ပါလား လို့ ဆင်ခြင်မိပြန်ပါတယ် ။
တော်ဝင်စိတ်ထား (၁)
အများသိပြီးဖြစ်ပေမယ့် ကိုရင်ရာဟုလာရဲ့အကြောင်းကို ပြောပြချင်ပါသေးတယ်။ ကိုရင် ရာဟု လာဟာ တော်ဝင်စိတ်ထားပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့။ ကိုရင်ရာဟုလာ နံနက် စောစော အိပ်ယာထ၊ လက်ခုပ်နဲ့ သဲမှုန့်လေးတွေကိုကျုံးပြီး အဓိဌာန်လေ့ရှိပါတယ်။

"ယနေ့ တစ်နေ့တာအတွက် ဘုရားးရှင်ထံကဖြစ်စေ ဥပဇ္ဈာယ်စတဲ့ ဆရာသမားတွေ ထံကဖြစ်စေဒီသဲမှုန်နဲ့အမျှ အဆုံးအမ သြ၀ါဒစကားတွေနာယူခွင့်ရလိုပါတယ်တဲ့"

ဘယ် လောက်မြင့်မြတ်တဲ့ စိတ်ဓာတ် ပိုင်ရှင်လဲဆိုတာ မှန်းဆ ကြည်ညိုကြည့်ပါ။ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်လေ ကိုရင်ရာဟုလာရဲ့ စိတ်နှစ်လုံးသားလှပမှု ရသကို ခံစားလို့မ၀လေပါပဲ ။
တော်ဝင်စိတ်ထား(၂)
ဒါတွင်မကသေးပါဘူး။ ကိုရင်ရာဟုလာရဲ့ ဂုဏ်ရနံ့က သင်းပျံနေပါတယ်။ "ပန်းသတင်း လေညှင်း ဆောင်၊ လူတင်း လူချင်းဆောင်"ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ အချို့သော ရဟန်းတော် တွေက ကိုရင်ရာဟုလာရဲ့ ဂုဏ်သတင်းကို မှန်မမှန် စမ်းသပ်ချင်လာကြတယ်။ မျက်မြင်ကိုယ်တွေ့ ကြည်ညို အားကျလိုစိတ်နဲ့  စမ်းသပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ကိုရင်ရာဟုလာ လာနေတာ ကို မြင်တဲ့အခါ တံမြက်စည်းတို့ ၊ အမှိုက်တောင်းတို့ ကို လမ်းမှာပစ်ထားကြပါတယ်။ ကိုရင်ရာဟုလာ လွန်သွားတဲ့ အခါမှာတော့
 ' ဒီတံမြက်စည်းတွေ အမှိုက်တောင်းတွေကို ဘယ်သူချထားတာလဲ' လို့ ရဟန်းတစ်ပါးက မေးပါတယ်။
" ရှင်ရာဟုလာ ဖြတ်သွား တာမြင်တာ ပဲ" " သူများချသွားတာလား" တပည့်တော်လုပ်တာ မဟုတ်ပါဘူး၊ တပည့်တော်ကို မစွပ်စွဲပါနဲ့"
ကိုရင်ရာဟုလာ ကတော့ ယောင်လို့တောင် ဒီလို ခွန့်တုံ့ မပြန်ခဲ့ပါဘူး ။  
"သည်းခံခွင့် လွှက် တော်မူပါဘုရား" လို့ တောင်းပန်ပြီး ပြန် ကောက်သွားလေ့ရှိပါသတဲ့ ။
တော်ဝင်စိတ်ထား(၃)
တစ်ခါမှာတော့ ကောသမ္ဗီမြို့အနီးက ဆီးတောကျောင်းတိုက်မှာ ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးနေထိုင်တော်မူချိန်၊ကိုရင်ရာဟုလာည်း ဒီကျောင်းတိုက်မှာ ရှိနေခဲ့ပါတယ် ။
'လူဒကာ တွေ သာမဏေတွေနဲ့ အမိုးတူ အကာတူ ကျောင်းမှာအတူမအိပ်ရ' လို့ ရဟန်းတော်တွေအတွက် သိက္ခာပုဒ် ပညတ်တော်မူပြီးစ အချိန်ပေါ့ ဒီတော့ ရဟန်းတော်တွေက ကိုရင်ရာဟုလာကို အမိန့်ရှိ ကြပါတယ် ။
" ငါ့ရှင် ရာဟုလာ၊ ဘုရားရှင်ကတော့ ဒီလို ဒီလို သိက္ခာပုဒ်ပညတ် တော်မူထားတယ်၊ ရဟန်း တော်တွေဟာ ငါ့ရှင်နဲ့အတူ မအိပ်ကောင်းဘူး ၊ အိပ်ဖို့နေရာရှာပါ" စိတ်နှစ်လုံးသားမြင့်မြတ်လှပတဲ့ ကိုရင်ရာဟုလာဟာ ရဟန်းတော်တွေနဲ့ ကျောင်းဆောင်ထဲမှာ အတူမအိပ်တော့ပါဘူး ။ ဘုရားရှင်ကိုယ်တော်မြတ် သီးသန့် အသုံးပြုတော်မူတဲ့ ၀စ္စကုဋိ(အိမ်သာ) ထဲမှာ သွားပြီး အိပ်စက်ရှာပါတယ်။ သူအတွက်နဲ့ အခြားရဟန်းတော်တွေ အာပတ်အပြစ်မဖြစ်စေချင်လို့ပါ။ 

ဘုရားရှင်ထံဖြစ် စေ၊ရဟန်းတော်တွေထံဖြစ်စေ၊အကျိုးအကြောင်းလျောက်ထားမယ်ဆိုရင် အိပ်စက်ဘို့ရာအတွက် အဆင် ပြေနိုင်စရာ ရှိပါတယ်။ ရဟန်းတော်တွေကလည်း ရုပ်ရည်ရော စိတ်ဓာတ်ပါ လှပတင့်တယ်တဲ့ ကိုရင် ရာဟုလာကို ဖေးမကူညီဘို့ အဆင်သင့်ဖြစ်နေကြမှာပါ။ ဒါပေမဲ့ ကိုရင်ရာဟုလာကတော့ ရသင့်တာထက်ပိုပြီး အခွင့်အရေး မယူခဲ့ပါဘူး။ ဒီလိုအခွင့်အရေး ပိုမယူတတ်တာ၊ စွန့်လွှက် အနစ်နာခံ တတ်တာတွေဟာ တော်ဝင်စိတ်ထားပိုင်ရှင်တွေရဲ့ လက္ခဏာပဲမဟုတ်လား ။


                                နှလုံးသား လှပနေရခြင်း၏ အကြောင်းရင်း

မပြည့်စုံတဲ့အဖြေဒီနေရာမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ရှိလာပါတယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့ ကိုရင်ရာဟုလာ ဟာ ဘာဖြစ်လို့ မယုံကြည်နိုင် လောက်အောင် နှလုံးသား လှပနေတာလဲ၊ ကိုရင် ရာဟုလာရဲ့ စိတ်ဓာတ်ဟာ ဘာကြောင့် အထက်တန်းကျ မြင့်မြတ်နေရတာလဲ၊ သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။ စာရေးသူ အနေနဲ့ အကြောင်းရင်းကို ရှာဖွေလေ့လာကြည့်ခဲ့ပါတယ် ။
' ပါရမီရှင်မို့လို့ပေါ့ ' လို့ အများ ပြောလေ့ ပြောထရှိတဲ့ အဖြေမျိုးကို ရာနှုန်းပြည့် သဘော မတူနိုင် ပါဘူး။ တိကျပြည့်စုံမှု မရှိတဲ့ အဖြေလို့ ယူဆမိပါတယ်။

ပါရမီရှင်မို့ စိတ်ဓာတ်မြင့်မြတ် တာပါလို့ဆိုရင် အင်္ဂုလိမာလ မထေရ်အလောင်း အဟိံသက ဟာလည်း ပါရမီရှင်ပါပဲ။ ဒီဘ၀ဒီခန္ဓာနဲ့ ပရိနိဗ္ဗှာန်စံဝင်မယ့် တကယ့်ပါရမီရှင်စစ်စစ်ပါ။ သူ့ လို ကို့လို ပါရမီရှင်မျိုးတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ပါရမီရှင်ဖြစ်တဲ့ အဟိံသကဟာ လူပေါင်း ထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ လူသတ်သမားကြီး အဖြစ်နဲ့ ဘ၀ခရီးကြမ်းကို လျောက်လှမ်းခဲ့ရ ပါတယ်။ ဘုရားရှင်ရဲ့ အချိန်ကိုက် ကယ်တင်မှုကြောင့်သာ မိခင်ရင်းကို သတ်ဖြတ်ခွင့်မသာခဲ့တာပါ။ မိခင်ရင်း ကိုသာသတ်ဖြတ်ခွင့် သာခဲ့မယ်ဆိုရင် အဟိံသကရဲ့ဘ၀က မတွေးဝံ့စရာပါ။ ရဟန္တာဖြစ်ဖို့ နေနေ သာသာ အ၀ီစိအထိကျရောက်သွားနိုင်ပါတယ်။ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းလည်း ပါရမီရှင်ပဲလေ။ တန်ဆောင်မုန်းလပြည့် ညမှာဟောကြားတော်မူတဲ့ သာမညဖလသုတ္တန်ကို နာယူပြီးချိန်မှာ သောတာပန် အရိယာဖြစ်နိုင် တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့တာပါ။ ဒါပေမဲ့ခမည်းတော် သောတာပန် မင်းကြီးကို သတ်ဖြတ်ခဲ့တဲ့အတွက် လောဟကုမ္ဘီငရဲရောက်သွားခဲ့ရပါတယ်။ ဒါကြောင့် ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတာဟာ 'ပါရမီရှင်ဖြစ်လို့ ဆိုတဲ့အဖြေဟာ တိကျပြည့်စုံမှုမရှိဘူးလို့ပြောခဲ့တာပါ။

မှန်ကန်ပြည့်စုံတဲ့အဖြေ ကိုရင်ရာဟုလာ မြင့်မြတ်အထက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်လာခြင်းရဲ့ အကြောင်းရင်း ကို ဆက်လက်လေ့လာစူးစမ်းခဲ့ပါတယ်။ ဒီလို လော့လာစူးစမ်းတဲ့ အခါမှာ'ချိုမြိန်ကေင်းမြတ် အနှစ် သာရပြည့်ဝတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒ စကားတော်တွေနဲ့ မကြာမကြာ ထိတွေ့ နာကြားခွင့်ရလို့' ဆိုတဲ့အဖြေကို ဖျတ်ခနဲ့ တွေ့မြင်လိုက်ရပါတယ်။ ဒီအချက်ဟာ ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်လာရ ခြင်းရဲ့ အဓိကအကြောင်းရင်းပါ ။ မှန်ပါတယ်၊ အင်္ဂုလိမာလ မထေရ်လောင်းအဟိံသကနဲ့ အဇာတသတ်မင်းတို့ဟာ ဆရာကောင်းတွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမ စကားတော် တွေကို ထိတွေ့ နာကြားခွင့် လွဲချော်ခဲ့ရပါတယ်။ ဒီအကြောင်း တွေကြောင့်ပဲ လူသတ်သမားတွေ၊ ကံကြီး ထိုက်တဲ့ သူတွေဖြစ်သွားရတာပါ။ ဆရာပေါင်းမှားတော့ တသံသရာလုံး မှောက်ရတဲ့ အဖြစ်မျိုးပေါ့။ ဒါကြောင့် ချိုမြိန်ကောင်မြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကား တွေဟာ မြင့်မြတ်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အဓိကသော့ချက် ဖြစ်တယ်လို့ ဆိုရမှာပါ။

ထူးလှတဲ့ကံကြမ္မာ နောက်တစ်ခုက ဘုရားရှင်က ပါရမီရှင်ပဲဆိုပြီး ကိုရင်ရာဟုလာအပေါ် ကြောင့်ကြမဲ့နေတော် မမူခဲ့ပါဘူး။ ကိုရင်ဖြစ်စ ခုနှစ်နှစ်ရွယ်ကစပြီး သက်တော် နှစ်ဆယ်အရွယ်အထိ အခွင့် အခါသင့်တိုင်း အဆုံးအမသြ၀ါဒစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ကိုရင်ရာဟုလာဟာ ဘုရားရှင် ဆိုတဲ့ ဆရာသမား ကောင်းနဲ့ ငယ်စဉ်ကတည်းက အမြဲလိုလို ထိတွေ့ဆက်ဆံခွင့်၇နေခဲ့ပါတယ်။ ရဟန္တာဖြစ်သည်အထိ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမသြ၀ါဒ စကားတွေ ကိုလည်း နှလုံးသားက ကြားနာခွင့်ရခဲ့တာ မကြာမကြာပါ။ ဒါဟာပါရမီရှင်တွေ ဖြစ်ကြတဲ့ အဇာတသတ် မင်းနဲ့ အဟိံသကတို့ထက် ထူးခြား ကောင်းမြတ်တဲ့ ကိုရင်ရာဟုလာရဲ့ ကံကြမ္မာလို့ပဲ ပြောရ မယ် ထင်ပါရဲ့ ။ မဂ်ဖိုလ်ကိုပင့်လန်းစေတဲ့ မိုးရေစက်များ ဆက်ပြီးပြောချင်ပါသေးတယ်။

ကိုရင်ရာဟုလာရဲ့ နှလုံးသားကို မဂ်ဖိုလ်ပန်းပွင့်လန်းလာ သည်အထိ ဘုရားရှင်က သြ၀ါဒမိုးရေစက်တွေ ပက်ဖျန်းပေးတော်မူခဲ့တဲ့အကြောင်းကိုပါ။ အခွင့် အခါ သင့်တိုင်း ကိုရင်ရာဟုလာလေးကို ဘုရားရှင်ဆုံးမသွန်သင်ခဲ့တဲ့ သုတ္တန်တစ်ခုရှိပါတယ်။ ကိုရင် ရာဟုလာ သက်တော် ခုနှစ်နှစ်အရွယ်ကနေ သက်တော် နှစ်ဆယ်အရွယ် အချိန်ကာလ အတွင်းမှာပါ။ ရာဟုလသုတ္တန်လို့ခေါ်ပါတယ်။ သုတ္တနိပါတ် ပါဠိတော်မှာ သင်္ဂါယနာ တင်ထားတာပါ။ ဘုရားရှင် ဒီသုတ္တန်ကို ဟောပြီး ကိုရင်ရာဟုလာလေးကို ဆုံးမသွန်သင်ခဲ့တဲ့ အကြိမ်ပေါင်းဟာ မရေတွက်နိုင်ပါဘူးတဲ့။ အခွင့်အခါသင့်တိုင်း ဆုံးမ သွန်သင်တော် မူခဲ့တာလို့ ဆိုပါတယ်။ သက်ရှိ သတ္တ၀ါတိုင်းနဲ့ မကင်းနိုင်တဲ့ စားဝတ်နေရေး ကျန်းမာရေးနဲ့ စပ်ပြီးတဏှာ မဖြစ်ပွားစေဖို့၊ သဘောထား မှန်ကန်စွာ ထားတတ်ဖို့စတဲ့ အကြောင်းအရာတွေ ဒီသုတ္တနှ်မှာ တွေ့ရပါတယ်။ အရိယာ သူတော်စင် ဖြစ်သည်အထိ မြင့်မြတ်တဲ့ ဘ၀တစ်ခု တည်ဆောက်ရေးမှ စပြီး ကလျာဏမိတ္တလို့ခေါ်တဲ့ ပတ်ဝန်းကျင်ကောင်း အရေးပါပုံတွေလဲ ပါဝင်ပါတယ်။ နောက်ပြီး ခုနှစ်နှစ်အရွယ် ကိုရင်ရာဟုလာကို 'ကုမာရက ပဥှာ' နဲ့ အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်'တွေနဲ့ ဆုံးမ သွန်သင်တော်မူပါတယ်။ ကလေးဘ၀မှာ အရည်မရ မဖတ်မရ အကျိုးမဲ့စကားတွေ မပြောမိစေဖို့ 'ကုမာရကပဥှာ'ကို ဟောတော်မူခဲ့တာပါ။ အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကိုတော့ ကလေးသဘာဝ လိမ်ညာမပြောမဖို့၊ ကံသုံးပါး စင်ကြယ်အောင် ကျင့်သုံးတတ်ဖို့၊ ဆုံးမဟော ကြားတော်မူခဲ့ပါတယ်။

ကိုရင်ရာဟုလာ သက်တော်(၁၈)နှစ်အရောက် ကိုရင်ကြီးအရွယ်မှာ မဟာရာဟုလောဝါဒ သုတ္တန်ကို ဟောကြားပြန်ပါတယ်။ ကိုယ်ခန္ဓာ လှပတင့်တယ်လာမှုကို အစွဲပြုပြီး တပ်မက်မှု တဏှာ ရာဂ မဖြစ်ပွားစေဖို့ ဟောကြားတော်မူတာပါ။  ဘုရားရှင်က သူအရွယ်နဲ့သူ အချိန်ကိုက် ဆုံးမ သွန်သင်တော်မူခဲ့တာလို့ပြောရမှာပေါ့။ ၀ိပဿနာ ရှုပွါးမှုမှာ မလစ်ဟင်းစေဖို့အတွက် သုတ္တန်ပေါင်း နှစ်ဆယ်ကျော်ကိုလည်း ကြိုးကြား ကြိုးကြားဟောပြ ဆုံးမတော် မူခဲ့ပါသေးတယ်။' ရာဟုလသံယုတ်'ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။  နောက်တစ်ခါ ' စူဠရာဟုလောဝါဒသုတ္တန်'ကို ဟောတော်မူပြီး သွန်သင်ဆုံးမ လမ်းပြတော်မူပါတယ်။ ကိုရင်ရာဟုလာ ရဟန်ဖြစ်ပြီးစ သိက္ခာဝါမရမီ သက်တော်
(၂၀ )အရွယ်မှာပါ၊ ဒီသုတ္တန်ကိုနာ ယူပြိးတော့ ရဟန်းဖြစ်စ အရှင်ရာဟုလာလည်း ရဟန္တာ သူတော်စင်ကြီး အဖြစ် ရောက်ရှိသွားပါတော့ တယ်။

မရှိမဖြစ်မိုး ဒီလောက်ဆိုရင် ကိုရင်ရာဟုလာလေး ဘာဖြစ်လို့ မယုံကြည်နိုင်လောက်အောင် နှလုံးသား လှပနေတာလဲ၊ ပုထုဇဉ်ဖြစ်တာချင်း အတူတူ ကိုရင်ရာဟုလာ စိတ်ဓာတ်က ဘာကြောင့်မြင့်မြတ် အထက်တန်း ကျနေရတာလဲ၊အဖြေကတော့ သိသာထင်ရှားလောက်ပါပြီ။ ကိုရင်ရာဟုလာရဲ့ဘ၀မှာ ဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒ စကားတော်တွေနဲ့ ကင်းနေရတဲ့ အချိန်ပိုင်းဟာ မရှိသလောက်ပဲ လို့ပြောရမှာပါ။ မိုးနှင့်ကင်းပြီး သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည်ရှင်သန်နေ ဖို့ မဖြစ်နိုင်ပါဘူး ။ သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည် ရှင်သန်ဖို့အရေးမှာ မိုးဟာ မရှိမဖြစ်လို့ပြောရမှာပါ။

ဒီလိုပါပဲ၊ ရဟန္တာသူတော်စင်ဖြစ်သည်အထိ မြင့်မြတ်တဲ့ဘ၀တစ်ခုကိ တည်ဆောက်လိုသူတိုင်း အတွက် ချိုမြိန်ကောင်းမြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။ ' မရှိမဖြစ်မိုး ' လို့ ဆိုရမယ်ထင်ပါရဲ့ ။

ငရဲ နဲ့ နတ်ပြည်

ငရဲ နဲ့ နတ်ပြည်

တချို့က လောကကြီးကို “အကောင်း”လို့ မြင်တတ်ကြပြီး တချို့က လောကကြီးကို “အဆိုး” လို့ မြင်တတ်ကြပါတယ်။ တကယ်တော့ လောကကြီး ကို လွှမ်းမိုးအုပ်စိုး နေတာဟာ အကောင်း နဲ့ အဆိုး မဟုတ်ဘဲ “အကြောင်း နဲ့ အကျိုး “သာ ဖြစ်ပါတယ်။
  အကောင်းမြင်သူတွေက လောကြီးမှာ တရားမျှတမှုတွေ ကြီးစိုး လာလိမ့်မယ်လို့ မျှော်လင့် တတ်ကြပြီး၊ အဆိုးမြင်သူတွေက လောကကြီးကို မတရားမှုတွေ လွှမ်းမိုးသွား လိမ့်မယ်လို့ ထင်တတ် ကြပါတယ်။ အမှန်မှာတော့ လောကကြီးဟာ သူတို့ထင်မြင် မျှော်လင့်နေကြသလို မဟုတ်ဘဲ “ရေများ ရေနိုင်၊ မီးများ မီးနိုင်” ဆိုသလို အကြောင်း ရှိသလောက် အကျိုး သက်ရောက် နေခြင်းသာ ဖြစ်ပါတယ်။ အကောင်း အဆိုးဆိုတာ အကြောင်း အကျိုးရဲ့ လက်အောက်ခံပဲ ဖြစ်ပါတယ်။

      အကြောင်းနဲ့ အကျိုးကို မှန်မှန် ကန်ကန် နားလည် လက်ခံနိုင်ရင် အကောင်းနဲ့ အဆိုး အဖြစ် အပျက်တွေကို အကြောင်း အကျိုး နိယာမနဲ့ ချိန်ထိုး ကြည့်လိုက်တဲ့အခါ “ကောင်းသော အကြောင်း တရားကြောင့် ကောင်းကျိုး  ဖြစ်ပေါ်လာရပြီး၊ ဆိုးသော
အကြောင်း တရားကြောင့် ဆိုးသော အကျိုးတရား ဖြစ်ပေါ်လာရတယ်” ဆိုတဲ့ ဥပဒေသဟာ အမှန်တရားကို မြတ်နိုး သူတိုင်းရဲ့ လောက ဖွဲ့စည်းအုပ်ချုပ်ပုံ(Universal Law) ဖြစ်လာပါတော့တယ်။

      အကြောင်း-အကျိုးနဲ့ အကောင်း- အဆိုးကို နားလည်လက်ခံ နိုင်သူဟာ ကုသိုလ်- အကုသိုလ်နဲ့ သုခ-ဒုက္ခကိုလည်း နားလည်လက်ခံ နိုင်ပါတယ်။ ကုသိုလ်ဟာ သုခရဲ့ အကြောင်းဖြစ်ပြီး၊ ဒုက္ခဟာ အကုသိုလ်ရဲ့ အကျိုးဖြစ်ပါတယ်။ ဒီလိုပဲ ကုသိုလ်-
အကုသိုလ်နဲ့ သုခ-ဒုက္ခကို နားလည် လက်ခံနိုင် သူဟာ နတ်ပြည်နဲ့ ငရဲကိုလည်း နားလည် လက်ခံ နိုင်ရပါမယ်။ အကြောင်းကတော့ နတ်ပြည်ဆိုတာ ကုသိုလ်နဲ့ သုခတို့ရဲ့ ကိုယ်ထင်ပြမှု တစ်ခု ဖြစ်ပြီး ငရဲဆိုတာက အကုသိုလ်နဲ့ ဒုက္ခတို့ရဲ့ကိုယ်ပွားတစ်ခုပဲ ဖြစ်ပါတယ်။

      တချို့ကတော့ “ဘုံခန်းနဲ့မြှောက်၊ ငရဲခန်းနဲ့ ခြောက်”ဆိုသလို နတ်ပြည်နဲ့ငရဲဆိုတာ လူတွေကို မြှောက်ပင့်ဖို့နဲ့ ခြိမ်းခြောက်ဖို့
ဖန်တီးထားတဲ့ ဒဏ္ဍာရီတွေလို့ ထင်တတ်ကြပါတယ်။ အဲဒါ လုံးဝ မဟုတ်ပါဘူး။ အကြောင်း-အကျိုးနဲ့ ကုသိုလ်- အကုသိုလ်ကို လက်မခံ လိုကြသူ လူ့ဗာလ တချို့ရဲ့ မူမမှန်မှု၊ သူတို့ရဲ့ မိစ္ဆာဝါဒထဲကို ကျုံးသွင်း မောင်းချလို မှုတွေသာ ဖြစ်ပါတယ်။

      “ကိုယ့်အမှုကြောင့်၊ အထက်ရောက်ခဲ့၊ အောက်ကျသူမှာ၊ ကိုယ့်မှုသာတည်း။ပမာနှိုင်းထောက်၊ တံတိုင်းဆောက်သူ၊ တွင်းတူးသူ၊ နှစ်မူစံထား ကျင့်လေလော့” ဆိုတဲ့ ရှေးဟောင်း နီတိစကားအတိုင်းပါပဲ။
     လူသားတွေ အထက်တန်း (နတ်ပြည်) ရောက်ရတာတွေ၊ အောက်တန်း(ငရဲ) ကျရတာတွေဟာ ကိုယ့်အမှု၊ ကိုယ်ကံကြောင့်သာ ဖြစ်ရတာပါ။ ဘယ်သူ့ ပယောဂမှ မပါပါဘူး။ ကုသိုလ်ကောင်းမှု ပြုတဲ့ သူတွေဟာ နံရံ၊ တံတိုင်း ဆောက်တဲ့ ပန်းရံဆရာတွေနဲ့ တူပါတယ်။ တစ်ချပ် ချင်းစီ ထပ်သွား တဲ့ အုတ်ချပ်တွေနဲ့ အတူ သူတို့ရဲ့ အခြေအနေဟာ လည်း အထက်ကို မြင့်တက်လာရပါတယ်။ ဒါဟာ သူ့လုပ်ငန်းရဲ့ သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ရ တာပါ။

      မကောင်းမှု အကုသိုလ် လုပ်တဲ့ သူတွေဟာ တွင်းတူး သမားတွေနဲ့ တူပါတယ်။ တစ်လက်မချင်း တူးထုတ်သွားတဲ့ မြေသားတွေနဲ့ အတူ သူတို့ရဲ့ အခြေအနေဟာ မြေကြီးထဲကို နိမ့်ကျ နစ်ဝင်သွားပါတယ်။ အောက်ခံ မြေသားကို (၁၀)ပေလောက်
တူးမိရင် သူတို့လည်း မြေကြီးထဲကို (၁၀)ပေ နစ်ဝင် သွားတော့တာပါပဲ။ ဒါဟာ သူ့လုပ်ငန်းရဲ့ သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ရတာပါ။
      ဒီဥပမာ အတိုင်းပဲ သူတော်ကောင်းတွေဟာ ဘ၀ခန္ဓာကို ငြမ်းပမာ တပ်ဆင်ပြီး မိမိတို့ရဲ့ ကုသိုလ် ပါရမီ အဆောက်အဦးကို မြင့်သည်ထက် မြင့်အောင် တည်ဆောက်ရင်း အထက်တန်း ကျ မြင့်မြတ်သွားကြပါတယ်။  လူမိုက် တွေကတော့ မိမိတို့ရဲ့ ဘ၀ခန္ဓာကို မိမိတို့ဘာသာ တူးဖြို ပစ်ပြီး အောက်တန်းကျ နစ်ဝင်သွား ကြပါတယ်။ တကယ်တော့ နတ်ပြည်နဲ့ ငရဲအပါအ၀င် (၃၁)ဘုံသော သြကာသ လောကကြီးဟာ လူသားတွေ ကိုယ့် ဘာသာကိုယ် တည်ဆောက်ထားတဲ့ နေရာဌာနကြီး တစ်ခုသာ ဖြစ်ပါတယ်။

      အခု ဒီအကြောင်းနဲ့ ပတ်သက်တဲ့ ပုံပြင်ကလေး တစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ဒီပုံပြင် ကလေးဟာ ဂျပန်ရိုးရာ ပုံပြင်တစ်ခုကို အခြေခံထားတာပါ။

ငရဲ နဲ့ နတ်ပြည်

      တစ်ခါတုန်းက ကျေးလက်က တောရွာတစ်ရွာမှာ တောရဆောက်တည်နေတဲ့ ဆရာတော် တစ်ပါး ရှိခဲ့ဖူးတယ်။ ဆရာတော်ဟာ အရပ်တော်က ပုပြီး ကိုယ်ခန္ဓာကလည်း သေးသေး ကွေးကွေးလေး ဖြစ်တာမို့ ရွာထဲက လူတွေ “ဘုန်းဘုန်းလေး”လို့ ခေါ်ကြတယ်။ ဘုန်းဘုန်းလေး ဟာ ခန္ဓာကိုယ်က ပုပုသေးသေးလေး ဖြစ်ပေမယ့် တန်ခိုးကတော့ အင်မတန်ကြီးမားသတဲ့။

      ဘုန်းဘုန်းလေးဟာ တစ်ခါတစ်ရံ တောအုပ်တွေပေါ်က ကျော်ပြီး ဆွမ်းခံကြွလာ တတ်သလို တစ်ခါတစ်ရံ မြစ်ပြင်ပေါ်မှာ လမ်းလျှောက်ပြီး တော့လည်း ဆွမ်းခံကြွလာ တတ်တယ်။ ဒီရွာမှာ  အမြဲတမ်းလိုလို ဆွမ်းခံကြွနေပေမယ့် ဘုန်းဘုန်းလေး
ဘယ်နေရာမှာ သီတင်းသုံးတယ်ဆိုတာ ဘယ်သူမျှ မသိရဘူးတဲ့။ ဘုန်းဘုန်းလေးဟာ စကားနည်းပြီး ပြောရင်လည်း တိုတို ကျဉ်းကျဉ်း ဖြစ်ပေမယ့် အနက် အဓိပ္ပာယ်ကတော့ အင်မတန် ကျယ်ပြန့်သတဲ့။

            ဥပမာ ဆိုရရင် တစ်ခါက အသက်(၈၀)လောက်ရှိပြီး အငြိမ်းစား ယူထားတဲ့ အစိုးရ အရာရှိကြီး တစ်ဦးဟာ  ဘုန်းဘုန်းလေးရဲ့ အင်မတန် ကျော်ကြားလှတဲ့ ဂုဏ်သတင်းကြောင့် ဆွမ်းခံကြွမယ့်လမ်းမှာ တမင်လာရောက် စောင့်မျှော်ပြီး ဖူးတွေ့
ကန်တော့သတဲ့။ လှူဖွယ်တွေလှူဒါန်း ပြီးတဲ့အခါ “ဆရာတော်ဘုရား တပည့်တော် အတွက် တစ်သက်တာ မှတ်လောက်စရာ သြ၀ါဒစကား ဟောကြား ချီးမြှင့် ပေးတော်မူပါ”လို့ လျှောက်ထားတဲ့ အတွက် ဆရာတော်က “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”လို့ မိန့်ကြားလိုက်ပါတယ်။

          ဘုန်းဘုန်းလေးရဲ့ ရိုးစင်းလှတဲ့ သြ၀ါဒ စကားကို နားကြား လိုက်ရတဲ့ အရာရှိကြီး ဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလို ပုံစံမျိုးနဲ့ “အရှင်ဘုရား၊ ဒီလိုတရား စကားမျိုးတော့ တပည့်တော် (၈)နှစ်သား အရွယ်ကတည်းက ကြားဖူးပါတယ် ဘုရား”လို့  ပြန်လည် လျှောက်ထားသတဲ့။  အဲဒီအခါ ဘုန်းဘုန်းလေးက “ရှစ်နှစ်သား အရွယ်ကတည်းက ကြားဖူးပြီးသား တရားစကားကို အသက်ရှစ်ဆယ် အရွယ်ရောက် တာတောင် လက်တွေ့ လိုက်နာဖို့ မလွယ်ကူသေးဘူး မဟုတ်လား”လို့ ထပ်ဆင့် မိန့်ကြားတော်မူပါတယ်။
          အဲဒီ အခါကျမှ အရာရှိကြီးဟာ “မှန်လှပါ၊ မှန်လှပါ၊ တပည့်တော် နားလည် ပါပြီဘုရား”လို့ ပျာပျာသလဲ ၀န်ခံရသတဲ့။
       
        ဒီလိုနဲ့ တစ်နေ့တော့ ဘုန်းဘုန်းလေးထံ ဓားပြဗိုလ်ကြီး တစ်ယောက်လာတယ်။ အဲဒီ ဓားပြဗိုလ်ကြီးက လုယက် သတ်ဖြတ်ရာမှာ အညှာအတာကင်း ရက်စက်လွန်းလို့ အင်မတန် နာမည်ကြီးပြီး လူတိုင်းက ကြောက်ရွံ့ရသတဲ့။ ဘုန်းဘုန်းလေးထံ ရောက်လာတဲ့ ဓားပြဗိုလ်ကြီးက “ဆရာတော်ဘုရား၊ လောကမှာ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ် ရှိပါသလား၊ ရှိရင် ငရဲ နဲ့ နတ်ပြည် အကြောင်း တပည့်တော်ကို သင်ပြ ပေးပါဦး”လို့ မေးမြန်းလျှောက်ထားသတဲ့။

          အဲဒီအခါ ဘုန်းဘုန်းလေးက ဓားပြဗိုလ်ကြီးရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး “မင်းလို  သူတစ်ပါးတွေရဲ့ အသက်ကို ရက်ရက် စက်စက် သတ်ဖြတ်ပြီး သူများ စည်းစိမ် ချမ်းသာတွေကို လုယက်ခိုးယူနေသူ တစ်ယောက်ကို နတ်ပြည်အကြောင်း သင်ပြပေးလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ အပိုပဲပေါ့”လို့ မိန့်ကြားလိုက်ပါတယ်။

ဘုန်းဘုန်း လေးရဲ့ မထောက်မညှာ မိန့်ကြားတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ ဓားပြဗိုလ်ကြီး ဟာ တစ်ခါတည်း မျက်စိ မျက်နှာပျက်ပြီး လက်တွေ တဆတ်ဆတ် တုန်လာအောင် ဒေါသတွေ ထွက်လာတယ်။  ပြီးတော့ ပွက်ပွက်ဆူနေတဲ့  သူ့စိတ်ကို သူမထိန်းနိုင်တော့ဘဲ “ ဒီလောက် မိုက် ရိုင်း တဲ့ ကိုယ်တော်ကို ခေါင်းဖြတ် သတ်ပစ်တာပဲ နားအေးတယ်”
ဆိုပြီး ဆောင်ဓားကို ထုတ်ကာ ဘုန်းဘုန်းလေးရဲ့ ဦးခေါင်းထက်မှာ ချိန်ရွယ်လိုက်သတဲ့။

          အဲဒီအခါ ဘုန်းဘုန်းလေးက “အဲဒါ ငရဲပဲ၊ မင်းအတွက် ငရဲတံခါးကြီးပွင့်သွားပြီ” လို့ အမိန့်ရှိလိုက်ပါတယ်။
          အဲဒီတော့မှ ဘုန်းဘုန်းလေးဟာ အသက်နဲ့ရင်းပြီး သူနားလည်အောင် ငရဲရဲ့ သဘာဝကို သင်ပြ ပေးလိုက်လို့ ဓားပြဗိုလ်ကြီး သဘောပေါက် သွားတယ်။ ဒါကြောင့် မြှောက်ချီ ထားတဲ့ ဆောင်ဓားကို မြေကြီးပေါ်မှာ အသာ အယာချပြီး လက်အုပ် ချီကာ “
ကျေးဇူးကြီး လိုက်တာ အရှင်ဘုရား။ ခွင့်လွှတ်တော်မူပါ အရှင်ဘုရား”လို့ လျှောက်ထား တောင်းပန်ရင်း ဦးသုံးကြိမ်ချ ကန်တော့လိုက်ပါတယ်။

          အဲဒီအခါ ဘုန်းဘုန်းလေက “အဲဒါ နတ်ပြည်ပဲ၊ ဒကာကြီးအတွက် နတ်ပြည် တံခါးကြီး ပွင့်သွားပြီ”လို့ ထပ်မံပြီး အမိန့်ရှိလိုက်ပါတယ်။

          ဒီဓမ္မပုံပြင်လေးဟာ ငရဲ နဲ့ နတ်ပြည်ရဲ့ သဘာဝကို လူပြိန်း နားလည်အောင် တစ်စိတ်တစ်ဒေသ ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ ငရဲနဲ့ နတ်ပြည် ရဲ့ သဘာဝ အတိအကျ ကိုတော့ အဘိညာဉ် ရသူများသာ အပြည့်အစုံ သိနိုင်ကြမှာပါ။

          နတ်ပြည်နဲ့ ငရဲဆိုတာ ဘုံ၊ နေရာ၊ ဌာနတွေရဲ့ အခေါ်အဝေါ်တွေ ဖြစ်ပေမယ့် ဒီနာမည်တွေမှာ ခံစားမှုပိုင်းဆိုင်ရာ စိတ်ရဲ့ အခြေအနေတွေက အများကြီး လွှမ်းမိုးနေပါတယ်။ ချမ်းသာမှု ကင်းမဲ့တဲ့ အခြေအနေ၊ ဖြစ်ရာဋ္ဌာနဟာ ငရဲဖြစ်ပြီး ချမ်းသာမှု ပြည့်စုံတဲ့ အခြေအနေ ၊ ဖြစ်ရာဋ္ဌာနဟာ နတ်ပြည်ပဲ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ် ဖော်ဆောင်မှုဟာ ငရဲနဲ့ နတ်ပြည်ဆိုတာ သေလွန်ပြီးနောက် တမလွန် ဘ၀ရောက်မှ တွေ့ကြုံခံစားရမယ့် အရာတွေလို့ လွဲမှားစွာတွေး ခေါ်နေသူတွေကို အမြင်မှန် ရစေမှာ ဖြစ်သလို “ဒီဘ၀ ဒီကိုယ်စံ၊ နောက် ဘ၀ နောက်ကိုယ်ခံ လိမ့်မယ်” ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ၀ါဒကိုလည်း စင်ကြယ်စေ နိုင်ပါလိမ့်မယ်။

          တကယ်တော့ “ငရဲကျတယ်”ဆိုတာ မကောင်းမှု အကုသိုလ် ဒုစရိုက်ကို လွန်ကျူး မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့ အဲဒီမကောင်းမှု အကုသိုလ်ရဲ့ အပြစ်ကို မုချ ဆတ်ဆတ် ခံစားရတာကို ဆိုလိုတာပါ။ အဲဒီလိုပါပဲ “နတ်ပြည်ရောက်တယ်”ဆိုတာ လည်း ကောင်းမှုကုသိုလ် သုစရိုက်ကို အားထုတ်ပြုလုပ်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာ တော့ အဲဒီကောင်းမှု ကုသိုလ်ရဲ့ အကျိုးကို မုချဆတ်ဆတ် ခံစားရတာကို ဆိုလိုတာပါ။

          နတ်ပြည်နဲ့ ငရဲဟာ တမလွန်ဘ၀နဲ့ အကျုံးဝင်သလို ပစ္စပ္ပန် ဘ၀နဲ့လည်း သက်ဆိုင်ပါတယ်။  ကုသိုလ်ကောင်းမှုကြောင့် ဒီဘ၀ ကျေနပ် ကြည်နူးရတဲ့ပီတိ ဟာ ပစ္စုပ္ပန် နတ်ပြည်ဖြစ်ပြီး၊ နောက်ဘ၀ ကောင်းစားရတဲ့ အခြေအနေဟာ တမလွန် ဘဝ
နတ်ပြည်ဖြစ်ပါတယ်။ အကုသိုလ် မကောင်းမှုကြောင့် ဒီဘ၀ ပူပန် ဆင်းရဲရတဲ့ နောင်တဟာ  ပစ္စပ္ပန်ငရဲဖြစ်ပြီး၊ နောက်ဘ၀ တွေ့ကြုံရမယ့် ဆိုးဝါးလှတဲ့ အခြေအနေဟာ တမလွန်ဘ၀ ငရဲဖြစ်ပါတယ်။

          ပုံပြင်ထဲက ဘုန်းဘုန်းလေး ပြောပြသလိုပဲ နတ်ပြည်နဲ့ ငရဲမျိုးစေ့ဟာ မိမိတို့ရဲ့ နှလုံးသားမှာ ကိန်းအောင်း နေတာမို့ မိမိတို့နဲ့ အနေဝေးလှတာ မဟုတ်ပါဘူး။ ရင်ထဲမှာ ရှိတဲ့ ဒီမျိုးစေ့ကိုပဲ ကုသိုလ်ရေစင်နဲ့ သွန်းဖျန်း လိုက်တဲ့အခါ နတ်ဘုံဗိမာန်တွေ ပေါ်ပေါက်လာပြီး အကုသိုလ်အဆိပ် ရေတွေနဲ့ လောင်းထည့်လိုက်တဲ့အခါ ငရဲကြီးရှစ် ထပ် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

          အကြောင်းရှိမှ အကျိုးထင်တတ်တဲ့ လောကကြီးမှာ အကျိုးတရား သက်သက်ဖြစ်တဲ့ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ်တော့ ဘာမျှ ပြဿနာ မဟုတ်ပါဘူး။ အကြောင်း အကျိုးကို ကိုယ်လိုသလို ဆွဲယူချင်တာကသာ ပြဿနာ ဖြစ်ပါတယ်။ “စိတ္တေန နီယတေ လောကော= လောကကြီးကို စိတ်က ဖန်ဆင်းတယ်”ဆိုတဲ့  မြတ်စွာ ဘုရားရှင်ရဲ့ ဆိုမိန့်ချက်ရှိပါတယ်။
ဒါကြောင့် နတ်ပြည်ရော ငရဲပါ(၃၁)ဘုံသော လောကကြီးဟာ လူ့စိတ်တွေ ဖန်ဆင်းထားတဲ့ တကယ့်အရှိတရားတစ်ခု ဖြစ်တယ် ဆိုတာ လွတ်လပ် ပွင့်လင်းတဲ့ စိတ်ထားနဲ့ ရိုးသားစွာ လက်ခံလိုက်ရင် ပြဿနာအားလုံး
ရှင်းလင်းသွားလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။


Monday, 13 October 2014

ပရိနိဗ္ဗာန်စံဝင်တော်မူပုံ

မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ တွင် သက်တော်(၈၀)၊ ၀ါတော် (၄၅)၀ါ ရှိပြီဖြစ်သော မြတ်စွာဘုရားရှင်သည် ကုသိန္နာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် ပရိနိဗ္ဗာန် စံဝင်ခါနီးဝယ် နောက်ဆုံး သာဝကဖြစ်မည့် သုဘဒ္ဒ ပရိဗိုဇ်က မေးခွန်းများ မေးမြန်းလိုသည်ကို ရှင်အာနန္ဒာက ယခုအခါ ဘုရားအရှင်၏ နောက်ဆုံးအချိန်ဖြစ်၍ သည်းခံရန် တားမြစ်ခဲ့ပါသည်။ ထိုအခါ ဘုရားရှင်က အာနန္ဒာ မတားမြစ်ပါလင့်၊ မေးလိုရာ မေးပါစေ ဟု ခွင့်ပြုတော်မူပြီး၊ မေးခွန်များကို ဖြေကြားကာ တရားဒေသနာများ ဟောကြားပြီးသည်၏အဆုံးဝယ် သုဘဒ္ဒပရိဗိုဇ်လည်း တရားထူးရကာ ရဟန္တာဖြစ်တောါမူခဲ့သည်။ ထို့နောက်တွင်ကား မြတ်စွာဘုရားရှင်သည် ဈတ်သမာပတ်ကို ၀င်စားတော်မူပြီးနောက် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။

ပဉ္စ၀ဂ္ဂီ (၅)ဦးတို့အား တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခဲ့ပါသည်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီး တစ်လအကြာ ၀ါဆိုလပြည့် စနေနေ့တွင် ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ပဉ္စ၀ဂ္ဂီ (၅)ဦးတို့အား တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခဲ့ပါသည်။
မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

မာန်နတ်ကို အောင်မြင်တော်မူပုံ

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ
ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ

သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း

အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း

သတိသံဝေဂ ရတော်မူခန်း

အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း

သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း

အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း

တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ

ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ

ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ

ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ

ဖွားမြင်တော်မူပုံ

မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ