Sunday, 20 February 2022
Sunday, 26 July 2015
မှန်ကိုယ်စီနှင့် ခရီးသွားများ
By thatoeaung55@gmail.com at 11:07
No comments
မှန်ကိုယ်စီနှင့် ခရီးသွားများ
===================
(၁)
“အမေ အမေရေ” မောသံစွက်နေသော ခေါ်သံကြောင့် အထိတ်တလန့် မီးဖိုမှ ထွက်လာရင်း “ ဟဲ့ ဓီတာ၊ ဘယ်လိုများ ဖြစ်လာတာလဲ၊ အထိတ် တလန့်နဲ့”

ခါးပေါ်ရှိ ခပ်အိုးထဲမှ ရေတို့ကို အိုးစရည်းထဲ သွန်လောင်းရင်း “ဓီတာ”က “
ဟိုလေ ရွာဦး အုတ်ကျောင်းမှာ အရှင်ကောင်း အာနန္ဒာတို့ ရောက်နေ သတဲ့”။
“ဘယ်လို…. ဘယ်လို အရှင်ကောင်း အာနန္ဒာတို့ ဟုတ်လား”
သီးခိုနေသော မျက်နှာပေါ်မှ ရေပေါက်တို့ကို သပ်ချရင်း၊ “ဟုတ်တယ် အမေရဲ့ ပါဝါပြည်ကို ကြွမလို့တဲ့”
“ ဟဲ့ ဒါဆို ရှင်တော်ဘုရားရော” “ပါသတဲ့ အမေ ဒါပေမဲ့ ခရီးပန်းလာလို့လားမသိဘူး ရှင်တော်ဘုရား သိပ်မခန့်ကျန်း ဘူးတဲ့” “ဟယ် ဟုတ်ရဲ့လား… ဒါဆို”
“ခိုင်လုံအောင် သမီး ဒီတစ်ခေါက် စေ့ငုခဲ့မယ်” ဓီတာက ရေအိုးကို ခါးစောင်းတင်ကာ ထွက်ခွာသွားပြီမို့ လှိုက်လဲ ဝမ်းသာမှုနှင့် ပြည့်သောရင်ဖြင့် ရပ်ငေးကျန်ခဲ့သည်။ လက်တွင် ကိုင်ထားသော ဟင်းမွှေးယောက်မကိုပင် အမှတ်မရနိုင်အား။
(၂)
ဒီနေ့ကို ငံ့မျှော်ခဲ့ရသည်မှာ ကြာမြင့်လှပြီ၊ အခု ထိုနေ့သည်… ၊ စသော အပျှော်ဖြင့် စွက်စိုသည့်အတွေးတို့ စီးကြောင်း ဖြာခဲ့ပြီ။
ဘုရားရှင် အခုလို ကြွရောက်လာမည့်နေ့ကို အမျှော်ကြီးမျှော်နေမိခဲ့သည်။ ရှင်တော်ဘုရား မကြွလာလျှင်ပင် ညီတော် အာနန္ဒာကြွလာက (ကေင်းလေစွ…၊) တောင့်တမိသည်မှာ အခါခါ၊ ဟိုး သာဝတ္ထိ သို့မဟုတ် ရာဇဂြိုဟ်မင်းနေပြည်များဆီသို့ ရောင်ရမ်းမိသည်ကလည်း အကြိမ်ကြိမ်။
ထိုချင်ခြင်းတို့ ပျောက်ပြေရတော့မည်။ ဤ “နာတိက” ရွာရဲ့ ရွာဦးအုတ်ကျောင်းမှာ အရှင်တို့ ရောက်နေကြပြီတဲ့၊ ဤဆုထက်ကြီးသော လာဘ်သည် မရှိနိုင်တော့၊ ပြင်းပြသော အလိုတို့ ပြည့်ဝတော့မည်ကော။
ရင်၌ စူးနစ်နေသော သောကညှောင့်အား ညင်သာစွာနုတ်ပေးမည့် သမားမြတ်ကို တွေ့ရတော့မည်ကော။
ဘဝကို ဖုံးလွှမ်းသော သလ္လာတိမ်တို့ဝေဒလွင့်ပေးမည့် အစွမ်းရှင်ကို တွေ့ရတော့မည်ပ၊ ပျှော်မှုအဆုံးတွင် ရွှ့င်သော အတွေးတို့ကို ထပ်ဆင့် ရာမှ စောစောက ပေါ့ပါးတက်ကြွစွာ လှမ်းထွက်သွားသော သမီးငယ်၏ ဟန်ပန်ကို ပြန်မြင်မိတော့…
အင်း သမီးလေးလည်း ငါ့လို ပျှော်ရှာမှာပေါ့.. သူလည်း….။
(၃)
“အမေ သမီးရဲ့ ဖခင်က သုဂတိဘုံ မရောက်ဘဲ ငရဲရောက်မှာဆို” “ ဟဲ့ အို မဖွယ်မရာ သမီးကို ဘယ်သူပြောသလဲ”
“အဘွားပြောတာ အမေ” ရောခက်ပေစွ၊ ခင်ပွန်းဆုံး၍ သောကဟောင်းပင် မငြိမ်းတက်သေး သောကသစ်က တိုးဆင့် လာပြန်ချေပြီ၊ ထိုသောက ပေါက်ဖွားစေရာကို ရှာလိုက်တော့၊ သွားလေသူရဲ့ မိခင် ယောက္ခမဖြစ်သူ အဘွားအို၊ ချွေးမ ဖြစ်လေ၍ ဖက်ပြိုင်မပြောသာ၊ အချင်းမများလို၊ ဒါပေမဲ့ ချွေးမကို မသက်ကြည်လျှင်တောင်၊ သားဖြစ်သူကိုတော့ ခုလို ခုလို မပြောသင့်၊ ခုတော့ မကြားဝံ့ မနာသာ၊ သူမို့….။
ပျက်သောမျက်နှာကို ပြင်လိုက်ရင်း “ အဖွားက သမီးကို ကျီစယ်တာနေမှာပါကွယ်” “မဟုတ်ဘူး အမေ့သမီးကို ဆူပူ ပြီးတော့ကို ပြောတာ အဖေ့ကို ရည်စူးပြီး ယစ်နတ်မပေးလို့တဲ့”
ဘယ်လို…. ယစ်မပူဇော်လို့ ဟုတ်လား” “ ဟုတ်တယ်အမေ အဖွားက ပြောတယ် အိမ်က ဆိတ်ကလေးဖြစ်ဖြစ် ယစ်နတ်ပေးမှ အဖေက ငရဲဘုံက လွတ်နိုင်မှာတဲ့”
သမီးက ပြောရင်း အသံတုန်လာသည်မို့ မျက်နှာကို အကဲခတ်မိတော့ လက်နေသော မျက်ရည်စက်ကလေးများ ကိုယ်တိုင်လည်း ကျလုလု မျက်ရည်ကို ဆည်ရင်း သမီးကို နှစ်သိမ့်ဖို့ စကားရှာရသည်၊ တပြိုင်နက် ယောက္ခမအဘွားအိုကိုလည်း ဒေါသဖြစ်မိသည်။
အဘွားအိုလည်း ရှင်တော်ဘုရားကို ကိုးကွယ်အားထားသည်က အမှန်၊ သို့သော် အယူဟောင်းက မစင်သေး၊ အစွဲ ဟောင်းက မပြေသေးထင့်၊ အင်း ဒါမျိုးဆိုတာ ခက်တော့ ခက်သားကလား၊ အဘွားကြီးက ရှေ့မီ နောက်မီဆိုတော့ ဟုတ်ချင်ဟုတ်…၊ နောက်ပြီး သူ့သားကို မုန်းလို့ အကျိုး ယုတ်အောင် ပြောတာတော့ မဟုတ်နိုင်၊ ဒါဆို…..
ခင်ပွန်းသည် မွေထးထားခဲ့သော ဆိတ်အုပ်ထံမှ ဝဝပြည့်ပြည့် ဆိတ်ညိုပေါက်ကလေးဆီ အာရုံရောက်တော့ ခေါင်းကို ခါရမ်းလိုက်ရင်း ပင့်သက် တစ်ချက်ကိုသာ ချလိုက်တော့သည်။
(၄)
ဟင်းကနဲ ပင့်သက်ချမိပြန်သည်၊ သို့သော် ရင်၌ လေးပင်မှုက လျော့မသွား၊ ယောက္ခမကြီး၏ စကားတို့ကို ပြန်ကြားယောင်တိုင်း ခုလို သက်ပြင်းကို အခါခါ ချမိလျက်သား ဖြစ်ချေသည်၊ အဘွားကြီးကိုလည်း မကျေမနပ်ဖြစ်မှုက ကဲလာ တတ်စမြဲ။
တပ်အပ်သိလို့ ပြောတယ်ဆို ထားပါတော့ ခုတော့ ထင်ကြေးနဲ့ ဟင်း။
အင်း သူလည်း သူ့သားဆိုတော့ စိုးရိမ်ရှာလို့ ပြောတာများလား။ ဒါပေမဲ့ အဘွားကြီးက စကားကို များလွန်းပါတယ်။ ပြောသင့် မပြောသင့် ချင့်ချိန်မှာ မဟုတ်ဘူး။
“အမေ အဘွားပြောတာ ဟုတ်လား ဟင်” သမီးက ခဏခဏမေးတိုင်း တိကျရေရာ မဖြေနိုင်၊ မဖြေတတ်ခဲ့၊ မဖြေနိုင် တိုင်း အဘွားကြီးကို မကျေနပ်၊ မကျေနပ်တော့ ဒေါသဖြစ်၊ ဒေါသနောက်က သောကဝင်၊ အင်း သူလည်း…. သူ့သားအတွက် ဟိုတလောက ယစ်ပ,သသေးတဲ့၊ ဒါဆို… သူပြောတာ ဟုတ်များနေမလား။ ဟုတ်နေခဲ့ရင်တော့ ဘုရား ဘုရား။
ငရဲ ငရဲဘုံဆိုတာ…. အို….. “ချမ်းသာမှုကင်းတဲ့ မီးတောက်မီးလျှံတွေ ဟုန်းဟုတ်ထနေတဲ့ ကြိမ်ပိုင်ချောင်းငရဲ မစင် ဘင်ပုတ်ငရဲ ငရဲအား….။ ငါ ငါ သူကို ကယ်ရမယ် ကယ်ရမယ်။ သူ့အတွက်ဆို ဆိတ်တစ်အုပ်လုံး ပူဇော်ရ ပူဇော်ရ ငါ….။
(၅)
ခင်ပွန်းသည် ဘယ်ဘဝ ရောက်နေရှာတယ်ဆိုတာ သိချင်စမ်းပါဘိ၊ အဲဒီလို ဧကန်ညွှန်ပြနိုင်တဲ့ တန်ခိုးရှင်များရှိလျှင် ဘယ်မျှ ဝေးပါစေ အပြေး ဆည်းကပ်ချင်စမ်းပါဘိ၊ အကယ်၍ ငရဲဘုံမှာ ရောက်နေခဲ့လျှင် ကယ်တင်ရန် လျှောက်ထားလိုက်ချင် စမ်းပါဘိ၊ ရှိသည့်စည်းစိမ် ကုန်အောင်နှင်း ရပါစေ၊ အင်း ခုတော့ ။
“ရင့်မှည့်နေတဲ့ အောင်သီးတစ်လုံးရဲ့ မျိုးစေ့ဟာ ဘယ်မြေမှာကျကျ အပင်ပေါက်မှာပဲ၊ ကိုယ်က အချိုစေ့၊ အခါးစေ့ ခွဲခြား စိုက်ပျိုးဖို့ပဲလိုတယ်၊ ငါဟာ အချိုမျိုးတွေသာ များသောအားဖြင့် စိုက်ခဲ့တာပဲ” စသည့် သွားလေသူ၏ စကားတို့ကို ကြားယောင် မိပြန်သည်။
အချိုမျိုးစေ့ အခါးမျိုးစေ့ မျိုးစေ့…. မျိုးစေ့… မျိုးစေ့ဆိုတာ ကိုယ့်ရဲ့လုပ်ဆောင်မှု ကမ္မ။ ဟုတ်တာပေါ့၊ သူဟာ အသက်သတ်ခြင်း၊ ခိုးယူခြင်း စတဲ့ သူတထူးကို ထိပါးစေမယ့် အမှုမျိုး၊ ပြုကျင့်တာ၊ တစ်ခါမျှ မကြံဖူးဘူး၊ နောက်ပြီး ၇ွာဦးကျောင်းက မထေရ်နဲ့လည်း သိပ်ကျွမ်းဝင်တာ၊ အဲဒီလို လူမျိုး ရဲ့ နောက်ဆုံးလားရာဟာ ငရဲ ငရဲတဲ့လား။
အဆုံးမရှိသော ချည်ခင်တစ်ခုကို အစငင်မိသူ တစ်ဦးလို အထွေးချည်မျဉ်တွေနဲ့သာ ရှုပ်ထွေးရစ်ဖွဲ့ ကျန်ရစ်ရစမြဲ။ ထို အထွေးအရှုပ်ကို ရှင်းပေးမည့် သူကို ပြင်းပြစွာ တောင်းတမိသည်။ မျှော်မောမိခဲ့သည်။
ဆိုက်ရောက်လာသမျှ အကြားဟော , အမြင်ဟော, တပ, ဗြဟ္မဏတို့ကို ချဉ်းကပ်မေးမြန်းရသည်မှာလည်း အကြိမ်ကြိမ် သို့သော် အရှုပ်ထွေးက မပြေ။
“ငါ့သမီးနှယ် ပင်ပန်းရနကော နွားရဲ့ဦးချိုမှာ သွားညှစ်နေလို့ ဘယ်နို့ထွက်မှာလည်းကွယ့်၊ ညည်းသိလိုတဲ့ အဖြေကို ပေးနိုင်သူဟာ တစ်ဦးတည်းရှိတယ်၊ အဲဒါ အဲဒါ တို့ရှင်တော်ဂေါတမပဲ သမီးရဲ့”
နောက်ဆုံး သမီးနဲ့ မြေးရဲ့ သောကလောင်မြိုက်မှုကို မရှုရက်သည့် ဖခင်ကြီးက အဲဒီလို လမ်းပြောင်းပေးလိုက်မှ ကွန်းခို ရိပ်ကို လှမ်းတွေ့လိုက်သော ခရီးပန်းသူလို နွမ်းသမျှတို့ ပြေခဲ့ရသည်။ ထိုဖခင်၏ စကားကို ကြားသည့်နေ့မှစ၍ ဒေသစာရီကို ငံမျှော်မိသည်၊ ဤဒေသသို့ ကြွပါရန် စိတ်ဖြင့် အကြိမ်ကြိမ် ပန်လျှောက်မိသည်၊ ခု ဝါကျွတ်နှင့်ဆိုလျှင် သုံးဝါကျွတ်ပင် တိုင်ခဲ့ပြီ။
“အမေရေ အမေရေ ဘုရားရှင်ကြွရောက်တာ အမှန်ပဲ၊ အရှင်ကောင်း အာနန္ဒာနဲ့လည်း ကြုံခဲ့တယ်”
“ဟယ် ဝမ်းမြူးဖွယ်သတင်းမှန်ပ” မျှော်မောရသောနေ့သည် ဧကန်ဆိုက်ေ၇ာက် ခဲ့ပြီမို့ မဆိုင်းပြေးသွားချင်မိသည်၊ ရောက်မဆိုက် ဖြစ်၍ အလျင် မလိုကောင်း၍သာ၊ နောက်ပြီး ကိုယ်တိုင်ဆို လည်ဝယ်စွာ လျှောက်ထားနိုင်အံ့မထင်၊ အရှင်ကောင်း အာနန္ဒာက တဆင့် မေးလျှောက်ရလျှင်…။
“ဒါဆို သမီး အရှင်အာနန္ဒာကို မပင့်လျှောက်ခဲ့ဘူးလား” “ပင့်ခဲ့တယ် အမေ အခု အရှေ့ပိုင်းက “ဦးသုဒတ္တ” တို့အိမ် ကြွဦးမတဲ့” “သြော် နွေဦးက ကွယ်လွန်သွားတဲ့ သူကြွယ် သုဒတ္တအိမ်ထင်တယ်”
“ဟုတ်တယ် အမေ၊ နောက်ပြီး သုဇာတာ ဥပသိကာအိမ်ကိုလည်း ဝင်ရမယ်တဲ့၊ ညနေစောင်း ကျောင်းပြန်ကြွမှပဲ သမီး တို့အိမ်ကို ကြွခဲ့မယ်တဲ့”
စကားမဆိုနိုင်၊ပီတိ ဖုံးသောကြောင့်ဖြစ်ပေမည်၊ သမီးငယ်ကို ကြည့်လိုက်တော့ ပြုံးကြည်နေလိုက်တာ ဆည်းဆာ ရောင်ထက် ပင် တောက်ေ နသေးတော့။
(၆)
“အို အရှင်ကောင်း ကြွပါလှည့်” “အိမ်း” “ ညနေက အရှင့်တူမ ပြောကတည်းက ငံ့လင့်နေတာပါ အရှင်”
“ အင်း အချိန်လေးလှပ်ခိုက်၊ ဉာတိတွေ၊ ဥပသကာတွေ ပင့်ရာကြွရသေး”
နေရာခင်းကျင်းခြင်း၊ ခရီးဦးကြိုဆိုခြင်း ဝတ်တို့ပြုအပြီးတွင် သားအမိနှစ်ဦးလုံး ဦးညွတ်မှု အဉ္ဇလီကို ပြုလိုက်ကြသည်။
“ကိစ္စထွေလာ ရှိလိုပလား” “ ရှိပါသကော အရှင်” “ ဆိုပါဦး” “ ဟိုး တပည့်တော်မရဲ့ ခင်ပွန်း၊ အရှင့်ရဲ့ နောင် တော်ဟာ ကွယ်လွန်သွားတာ သုံးမိုး ရှိပါပြီ အရှင်၊ အဲဒါ ”
“သူရဲ့ လားရာဘုံဘဝကို သိလိုတယ်ဆိုပါတော့” “ ဟုတ်ပါတယ်အရှင် အရှင်ကတဆင့်…”
“မြတ်စွာဘုရားကို မေးလျှောက်ပေးရမယ် ဆိုပါတော့၊ အိမ်း ဒီလို မေးခိုင်းတာ သင်ရို့နဲ့ပါဆိုရင် ဟောဒီ နာတိက ရွာက ငါ့ဉာတိတွေ အားလုံးလို့တောင် ဆိုရမလို ဖြစ်နေပြီ”
အလို တို့လို သိလိုသူတွေ မနည်းဘူးဆိုပါလား။ ဟုတ်မှာပေါ့လေ၊ ဘဝတစ်ပါးပြောင်းသွားသူ မရှိတဲ့ အိမ်ရယ်လို့မှာ လောကမှာ မရှိနိုင်တာ၊ အံ့အားသင်၍ မဆုံးမီပင်။
“ အဲ ဒါဆို ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ငါမေးလျှောက်လိုက်မယ်၊ နံနက်မိုးသောက်မှ သင်တို့သိလိုတဲ့ အဖြေ ကို ယူကြပေတော့”
ပြန်ကြွရန် မထေရ်အထတွင် ရှိခိုးလိုက်ကြသည်၊ သည်တစ်ကြိမ် ရှိခိုးလိုက်ရခြင်းကား ကျေးဇူးကြောင့်လားမသိ စေးစေး ပိုင်ပိုင် ရှိလှဘိခြင်း။
(၇)
ညာတိတို့၏ ပြဿနာတို့ကိုပိုက်ကာ မြတ်စွာဘုရား ကိန်းဝပ်ရာသို့ လာခဲ့သည်။ ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာတွင် ညင်သာစွာ ထိုင်လိုက်သည်။ အသာမော့ကာ ရှင်တော်၏ မျက်နှာတော်အား ဖူးလိုက်စဉ်။
သက်တော်(၈၀)ဆိုတဲ့ ဇရာက သပ္ပာယ်ခြင်း အသရေကို မတိုက်စားနိုင်၊ ရှည်လျားသော ခရီးကြောင့် ဖြစ်ပေါ်သော ပင်ပန်းမှုသည်လည်း အရှင်၏ ငြိမ်းအေးသော အသရေကို မထိပါးနိုင်ပါလား၊ ကြည့်စမ်းဖူးသူ မရောင့်ရဲအောင် ငြိမ်းအေး တင့်တယ်လိုက်တာ။
မျက်နှာတော်ကို ဖူးမြော်ရင်း တိုးညင်းစွာ လျှောက်ထားလိုက်မိသည်။
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဘဝအတွက် ဖြေခက်တဲ့ အထုံးအဖွဲ့တို့ကြုံတိုင်း တပည့်တော်ရဲ့ အားထားရာဟာ အရှင်မှ တစ်ပါး အခြား မရှိပါဘူးအရှင်၊ အခုလည်း အထုံးအဖွဲ့များနဲ့ ရောက်ခဲ့ပါပြီအရှင်”
မျက်လွှာတော်ကို ပင့်သည်ဆိုရုံမျှ ပင့်ကြည့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူသည်၊ ဘုရားရှင်၏ ဆိတ်ဆိတ်နေခြင်းသည် ခွင့်ပြုတော်မူခြင်းပင်ဟု သဘောပေါက်ထားသူပီပီ။
“အရှင်ဘုရား ဟောဒီ နာတိက ရွာသားတွေ သိလိုတဲ့ ပြဿနာတွေကို တပည့်တော် ဆောင်ကြဉ်းလာခဲ့ရပါတယ်။
အဲဒါက……….၊”
“သာဠမည်တဲ့ ရဟန်းဟာ ဟောဒီ နာတိကကျောင်းမှာပဲ ကွယ်လွန်ပါတယ်၊” သူဘယ်ဘုံဘဝမှာ ရောက်ရှိနေပါသလဲ အရှင်၊ “အဲလို ကွယ်လွန်သွားတဲ့ နန္ဒာဘိက္ခူနီမရဲ့ လားရာကိုလည်း သိပါရစေ အရှင်၊”
“သုဒတ္တ ဥပသကာဟာလည်း ဒီရွာမှာပဲ ကွယ်လွန်သွားပါတယ်၊ သူကော ဘယ်ဘုံဘဝမှာ ရောက်၇ှိနေပါသလဲ ဘုရား” နောက်ပြီး သုဇာတာ ဥပသိကာဟာလည်း ဒီနာတိက ရွာမှာပဲ အနိစ္စရောက်ခဲ့ပါတယ်၊ သူကော ဘုရား”။
ဒါတင်မက ကုက္ကုရ၊ နိကဋ၊ ကဋိဿဟ၊ တုဋ္ဌတို့ဟာလည်း ဒီရွာမှာပဲ ကွယ်လွန်ခဲ့ကြတယ်၊ သူတို့တစ်တွေကော ဘယ်မှာလားကုန်ကြသလဲဘုရား”
သိလိုသော မေးခွန်းတွေ ဆက်တိုက်မေးမိသည်ကို သတိရမှ ဆက်လုလုနှုတ်ကို ထိန်းလိုက်ကာ အဖြေကို ငံ့လိုက်တော့။
အသံအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံဆဲရှိတဲ့ အသံတော်နဲ့ “အို အာနန္ဒာ၊ သဠမည်တဲ့ ရဟန်းဟာ အာသဝေါကင်းကွာ မဂ်ပညာ ဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားလေပြီ”
“အို အာနန္ဒ၊ နန္ဒာမည်တဲ့ ဘိက္ခုနီမကတော့ သံယောဇဉ်ငါးပါးရဲ့ ကုန်ခြင်းကြောင့် ဗြဟ္မဘုံမှာပင် ပြန်မဆုတ်နစ်တော့ဘဲ ပရိနိဗ္ဗာန်ပြုပေလိမ့်”
အို အာနန္ဒာ၊ သုဒတ္တ ဥပသကာကတော့ တပ်မက်ခြင်း၊ အမျက်ထွတ်ခြင်း၊ တွေဝေခြင်းတွေ ကင်းပြီမို့ သကဒါဂါမ်ဖြစ်ပြီး လူ့ဘဝသို့ တစ်ကြိမ်လာကာ ဆင်းရဲကုန်ခြင်းကို ပြုပေလိမ့်မည်”
“သုဇာတာ သတင်းသည်ကတော့ သံယောဇဉ်သုံးပါး ကုန်ခြင်းကြောင့်၊ သောတာပန်ဖြစ်ခဲ့ပြီး အပယ်သို့ မလားနိုင်တော့၊ သုဂတိဆိုတဲ့ ဂတိမြဲလေပြီ”
တစ်ဦးခြင်းမေးသမျှကို ဖြေကြားပေးနေတော်မူသည်ကို လိုက်နာမှတ်သားရင်း၊ ဆက်မေးမြန်းရမည့် ပုဂ္ဂိုလ်တို့၏ အမည် နာမများကို အပြေးအလွှား စဉ်းစားနေရသည်၊ ဒါမှ သိလိုသူ စာရင်းမကျန် ပြည့်စုံမည် မဟုတ်လား”
(၈)
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား ငါးရာကုန်သော ဥပသကာတို့ဟာ ဟောဒီ နာတိကရွာမှာ ကွယ်လွန်ခဲ့ကြပါသေး တယ်၊ သူတို့ရဲ့ လားရာက ရော ဘုရား”
“ အာနန္ဒာ အဲဒီသတင်းသည် ငါးရာတို့ဟာ သံယောဇဉ်တွေ ကုန်ခြင်းကြောင့် အပယ်သို့မကျ၊ သုဂတိဆိုတဲ့ လားရာမြဲ ကုန်ပြီ”
အဖြေတွေက မေးလိုက်သည့် ဉာတိတွေအတွက် နှစ်ထောင်းဖွယ် ကောင်းလှတော့သည်။ ဝမ်းမြောက်သော ပီတိဖြင့် ပုဂ္ဂိုလ်မကြွင်းရအောင် မေးဖို့ စဉ်းစားနေခိုက်.
“ အို အာနန္ဒာ” ဖျက်ကနဲ မော်ဖူးလိုက်တော့ ပြုံးခြင်းလျှင် ရှေ့သွားရှိသည့် စကားဆိုခြင်းဖြင့် ခွန်းစတော်မူလိုက်သည်မို့
“အကြောင်းတစ်ခုခုကြောင့် လူဟာ စုတေ သေဆုံးရစမြဲ၊ အဲဒီလို သေဆုံးတိုင်း ငါဘုရားကိုချဉ်းကပ်ပြီး ယခုလို မေးမြန်းနေမယ် ဆိုရင် အဲဒီ မေးမြန်းမငတွေဟာ ဖြေသူအတွက် ပင်ပန်းစေရုံမျှသာ ဖြစ်တော့မှာပေါ့ကွယ်”
အင်း ဟုတ်ပါလား၊ ဒါတောင် ဟောဒီရွာက ငါ့ဉာတိတွေပဲ ရှိသေးတာ၊ ဟိုး ရာဇဂြိုဟ်တို့ သာဝတ္ထိတို့စတဲ့ တိုင်းကြီး ပြည်ကြီးတွေက လူတွေကို မေးမယ်ဆိုရင် အား… မဆုံးနိုင်တဲ့ မတန့်နိုင်တဲ့…
“ အဲဒါကြောင့် အာနန္ဒာ ကြေးမုံမှန်တရားကို ဟောကြားပေးအံ့၊ အဲဒီ ကြေးမုံတရားနဲ့ ပြည့်စုံသူဟာ မိမိရဲ့ ငရဲဘေး စသည်မရှိ၊ သုဂတိဆိုတဲ့ လားရာမြဲသည်ကို ပြောလိုက ပြောနိုင်ကြပေတယ်”
“မှန်ကြေးမုံမှာ ပြုံးပြီးကြည့်လျှင် ပြုံးရိပ်ထင်ပြီး မဲ့ကြည့်တော့ မဲ့ရိပ်ထင်သလိုပေါ့ အာနန္ဒာ၊ အဲဒီအခါ မိမိရဲ့ အကျည်းတန် ခြင်း မတန်ခြင်းကို ပြက်ထင်စွာ ပြောနိုင်သလို၊ ဟောဒီ ကြေးမုံတရားနှင့် ပြည့်စုံလျှင် မိမိရဲ့ လားရာကို မိမိပြောလိုက ပြောနိုင် တယ်”
“ဆိုပါတော့ အာနန္ဒာ၊ လူတစ်ဦးဟာ ညစ်ကြူမှု ကိလေ ကင်းဝေးပြီး၊ တရားတွေကို ကိုယ်တိုင်လည်းသိ မယဉ်ကျေး သူကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်တဲ့ ဂုဏ်တွေနဲ့ ပြည့်စုံတဲ့ ဘုရားရှင်ကို စူးစိုက်ယုံကြည် အားထားရမယ်၊ ဘုရားရှင် ဟောကြားထားတဲ့ မျက်မှောက်ထင်ထင် အခါမရွေး ကိုယ်ကျင့်လျှင် ကျင့်သလိုရတဲ့ ဂုဏ်တွေနဲ့ ပြည့်ဝတဲ့ တရားဓမ္မတွေကို လည်း လိုက်နာကျင့်ကြံ အားထားမယ်၊ အဲဒီတရားတွေ ဆောင်ကြဉ်းပေးတတ်တဲ့ ဖြောင့်မတ်ကောင်းမြတ်တဲ့ အကျင့်ရှင် သံဃာ တွေကိုလည်း ဆည်းကပ်ကိုးကွယ်မယ်၊ ညွှန်ပြတဲ့အတိုင်း ကိုယ်ကျင့်သီလမြဲအောင်၊ စိတ်တည်ကြည်အောင်၊ ပညာပွားအောင် ကျင့်မယ်ဆိုရင် အဲဒီလူဟာ မှန်ကြေးမုံမှာ ပြုံးကြည့်တာနဲ့ တူတဲ့အတွက် ကိုယ့်ကိုကိုယ် ငရဲဘေး၊ တိရစ္ဆာန်ဘေးစတဲ့ မကောင်း တဲ့ လားရာ မရှိတော့ဘူး၊ သုဂတိဘုံဆိုတဲ့ လားရာ မြဲတယ်လို့ ပြောလိုက ပြောနိုင်ပေတယ် အာနန္ဒာ”
“အဲဒီက ဖီလာဆန့်ကျင်ဆိုရင်လည်း ကြေးမုံမှာ မဲ့ကြည့်တာနဲ့ တူတဲ့အတွက်…. သူဟာ…..”
(၉)
ရင်သည် လင်းမြတ်သွားလိုက်တာ၊
ဘုရားရှင်ညွှန်ပြတဲ့ ကြေးမုံဟာ ငါ့ရင်ထဲမှာလည်း ရှိနေနှင့်ပါပေါ့လား။
[B]ထိုမှန်ကို အပြန်ပြန်အလှနှ်န် ကြည့်ရှုသုံးသပ်လိုက်မိသည်၊ ကိုယ့်လားရာ ပုံရိပ်ပြတ်ထင် လာသလိုလို၊ လူတိုင်းလူတိုင်းရဲ့ မနသီမှာ မှန်ကိုယ်စီ နဲ့ပါလား၊ အဲဒီ ကြေးမုံကိုရှုပြီး ကိုယ်, နှုတ်, နှလုံးကို အလှပြင်ကြမယ်ဆိုရင်….၊[/B]
မနက်လင်းလျှင် နာတိကရွာက ဉာတိတွေကို ကြေးမုံကြည့်နည်း သင်ပေးရဦးမည်၊ သို့မှ သူတို့၏ ဘဝထင်ဟပ်မှုကို ရှုတတ်ကြပေမည်၊ ထိုအခါ နေမှု သေမှု၌ စိတ်ခွန်အားတို့ တိုးကာ…..
မဝသော ရှိခိုးခြင်းဖြင့် ရှိခိုး၍ ထံတော်ပါးမှ အသာယို့ကာ ထွက်ခဲ့ပြီး၊ နာတိကရွာဆီ လှမ်းမျှော်လိုက်မိတော့ “ဓီတာ” တို့ သားအမိကို ဦးဆုံးမြင်ယောင်လိုက်သည်။
“ အင်း ခများတို့ သားအမိကိုတော့ ကြေးမုံကြည့်တတ်အောင် အချိန်လေးယူပြီး သင်ပြပေးရမှာပေါ့လေ” ။
ကျမ်းကိုး။ ။ မဟာပရိနိဗ္ဗာနသုတ်။
လူတိုင်းလူတိုင်း ဓမ္မကြေးမုံကိုကြည့်ပြီး ကိုယ်,နှုတ်, နှလုံးသုံးပါးကို အလှပြင်နိုင်ကြပါစေ..
ကံထွန်းသစ်

ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန်
By thatoeaung55@gmail.com at 11:03
No comments
ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန်
==============================
စကားပြောနည်း
ရဟန်း သံဃာတော်များနှင့် ပြောဆိုဆက်ဆံရာ၌ မင်း၊ ငါ၊ ကျူပ်၊ ခင်ဗျား၊ ကျွန်တော်၊ ကျွန်မ စသည်ဖြင့်ပြောဆိုခြင်း မပြုရ။

မိမိကိုယ်ကိုပြောလျှင် တပည့်တော်၊ ဘုရားတပည့်တော်ဟု သုံးနှုန်းပြောဆိုရမည်။
မင်း၊ သင်၊ ခင်ဗျား အစား အရှင်ဘုရား ဟု သုံးနှုန်းပြောဆိုရမည်။ ခေါ်သောအခါမှာလည်း ကိုရင်ဘုရား၊ ဦးပဉ္ဇင်းဘုရား၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်းဘုရား ဟု ခေါ်ဝေါ်သုံးနှုန်းရမည်။
ကိုရင်၊ ဦးဇင်း သံဃာတော်များကလည်း ကျုပ်၊ ခင်ဗျား၊ အစ်မ၊ အစ်ကို၊ ညီမ၊ နှမ၊ အမေ၊ အဖေ စသည်ဖြင့် ခေါ်ဝေါ်ခြင်းမပြုရပေ။ ဒကာမကြီး၊
ဒါယိကာမကြီး၊ ဒကာကြီး၊ ဒါယကာကြီး၊ ဒကာလေး၊ ဒါယကာလေး စသည်ဖြင့် သာသနာတော်သုံး စကားလုံးများဖြင့် ပြောဆိုကြရပေသည်။
ရဟန်းသံဃာတော်များကို လူပုဂ္ဂိုလ်များက ပြောဆိုလျှောက်ထားရာ၌ ထမင်းစားပါဘုရား၊ ဟင်းစားပါဘုရား စသည်ဖြင့် မပြောရ။ ဤသို့ပြောလျှင် ရဟန်းသံဃာတော်များမှာ ၀ိနည်းသိက္ခာပုဒ်အရ ဘုန်းပေးသုံးဆောင်ခွင့် မရှိတော့ပေ။
ထမင်းအစားဆွမ်းဟု သုံးနှုန်းရမည်။ ဆွမ်းဘုန်းပေးပါဦးဘုရား၊ ဆွမ်းဟင်းများ ပြည့်စုံပါသလားဘုရား စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။
ရဟန်းသံဃာတော်များ ခရီးသွားနေစဉ် မိမိက ခဏခတ္တရပ်တန့်စေပြီး စကားပြောလိုလျှင် ရပ်တော်မူပါဦးဘုရား စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။
ဆွမ်းခံကြွလာလျှင် လောင်းလှူလိုပါက ရပ်တော်မူပါဦးဘုရားဟု လျှောက်ထားပြီး ရိုသေစွာ ဆွမ်းနှင့်ဆွမ်းဟင်းများကို လောင်းလှူရသည်။
မလောင်းလှူနိုင်ပါကလည်း ကန်တော့ပါသေးရဲ့ဘုရား၊ ကန်တော့ဆွမ်းပါဘုရား စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။
လမ်းမှာ ခဏ ခတ္တရပ်၍ ရဟန်းသံဃာတော်များနှင့် စကားပြောဆိုပါက ရှေးဦးစွာ လက်အုပ်ကလေးချီ၍ ဦးညွှတ်လိုက်ပြီးမှ ဆက်လက်ပြီး စကားပြောရသည်။
ရဟန်းသံဃာတော်များထံသို့ သွားသောအခါ မိမိတွေ့ရှိသည့် ရဟန်းသံဃာတော်များအား ရှေးဦးစွာ ရှိခိုးဦးချရသည်။ ရုပ်ပွားဆင်းတုတော်များရှိသော နေရာဖြစ်ပါက ရှေးဦးစွာ ရုပ်ပွားဆင်းတုတော်များကို ရှိခိုးဦးချပြီးမှ ရဟန်းသံဃာတော်များကို ရှိခိုးဦးချရသည်။
စားသောက်ဖွယ်ရာများ ကပ်လှူနည်း
ရဟန်းသံဃာတော်များသည် စားသောက်ဖွယ်များကို မိမိဖာသာ မိမိကိုယ်တိုင်ယူ၍ ဘုန်းပေးသုံးဆောင်ခွင့်မရှိပါ။ ဘုန်းပေးသုံးဆောင်ခဲ့လျှင် ( စားလျှင် ) ၀ိနည်း သိက္ခာပုဒ်အရ အပြစ်သင့်ပါသည်။ ( အာပတ်သင့်သည်ဟု သုံးနှုန်း၏ )
လူပုဂ္ဂိုလ်များက ၀ိနည်းသိက္ခာပုဒ်နှင့် ညီညွတ်အောင် ၏ကိုယ်ထိလက်ရောက် ကပ်လှူမှ ရဟန်းသံဃာတော်များက ဘုန်းပေးသုံးဆောင်ခွင့် စားခွင့် ရှိပါသည်။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဆွမ်းစသော စားသောက်ဖွယ် ပစ္စည်းကို ရဟန်းသံဃာတော်၏ လက်သို့ထိအောင် ရောက်အောင် ပေးခြင်းကို ကပ်လှူသည်ဟုခေါ်၏။ ယင်းသို့ ကိုယ်ထိလက်ရောက် ပေးလှူခြင်းကို ကပ်သည်ဟုလည်း အတိုကောက်သုံးနှုန်း၏။
ယင်းသို့ကပ်လှူရာ၌ အင်္ဂါငါးမျိုးနှင့်ပြည့်စုံမှ ကပ်လှူမှု ထမြောက် အောင်မြင်ပါသည်။ အင်္ဂါငါးမျိုးနှင့်ပြည့်စုံအောင် ပေးလှူခြင်းကို အကပ်မြောက်သည်ဟု အတိုကောက် သုံးနှုန်း၏။
အကပ်မြောက် အင်္ဂါငါးမျိုး
၁။ ကပ်လှူမည့်သူက ကပ်လှူခြင်းခံယူမည့် ရဟန်း၏လက်သို့ ရောက်အောင် ထိအောင် စားဖွယ်ပစ္စည်းကို ရှေးရှုဆောင်ပေးခြင်း။
မှတ်ချက် ။ ။ လက်ဖြင့် ရှေ့ထိုးပေးမှ ရှေးရှုဆောင်သည် မဟုတ်သေး။ ဦးခေါင်းပေါ်၌ရွက်ထားသော စားဖွယ်ခွက်ကို ပေးလှူလို၍ အနည်းငယ်စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ပေးရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာယူစားနိုင်၏။
၂။ ကပ်လှူမည့်သူသည် ကပ်လှူခြင်းခံယူမည့် ရဟန်း၏ နှစ်တောင့်ထွာအတွင်း ရောက်ရှိနေရခြင်း။
၃။ အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီမယူနိုင်သော ပစ္စည်းဝတ္ထုဖြစ်စေရခြင်း။
မှတ်ချက် ။ ။ ဆွမ်းနှင့် ဆွမ်းဟင်းပန်းကန်များ တင်ထားသော စားပွဲခုံသည် ခွန်အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီမ၍ ဆပ်ကပ်မှုမျိုးသည် အကပ်မြောက်ပါသည်။ အလှူရှင်များ အတူတကွ
မယူ ကပ်လှူနိုင်သည်။
၎။ ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်စသည်ဖြင့်ဖြစ်စေ ပစ်၍ဖြစ်စေ ဤသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်လှူသူကပေးခြင်း။
မှတ်ချက် ။ ။ ပစ်၍ ပေးခြင်းမျိုးကိုကား ရိုင်းစိုင်းရာရောက်သောကြောင့် အကပ်မြောက်သော်လည်း ကပ်လှူလေ့မရှိပါ။
၅။ ကိုယ်၏အစိတ်အပိုင်း လက်စသည်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက် တုတ်စသည်ဖြင့် ခံ၍ ထိ၍ ဖြစ်စေ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံရသော ရဟန်းက ခံယူခြင်း။
ဤငါးမျိုးဖြင့် ပြည့်စုံညီညွတ်အောင် ကပ်လှူမှသာ အကပ်မြောက်ပါသည်။
အကျဉ်းချုပ်
ရှေ့ရှုဆောင်ခြင်း။
နှစ်တောင့်ထွာအတွင်းဖြစ်ခြင်း။
တစ်ယောက် မနိုင်ခြင်း။
လက်ဖြင့်သို့မဟုတ် ပန်းကန်စသည်ဖြင့်ထည့်၍ ကပ်ခြင်း။
ရဟန်းက အကပ်ခံခြင်း။
ဤသို့ စားသောက်ဖွယ်များကို ရဟန်းသံဃာတော်များအား
ကပ်လှူရာ၌ အမျိုးသမီးဖြစ်ပါက ကြုံ့ကြုံကလေးထိုင်၍ အမျိုးသားဖြစ်ပါက ဒူးတုတ်ထိုင်ပြီး ဖော်ပြခဲ့ပြီးသော အင်္ဂါငါးမျိုးနှင့် ပြည့်စုံညီညွတ်အောင် ရိုသေလေးစားစွာ ကပ်လှူရပါမည်။ သက္ကစ္စဂါရ၀မြောက်ရမည်။ သို့မှသာ လူနတ်နိဗ္ဗာန်
သုံးတန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်၍ မွန်မြတ်သော
ကောင်းကျိုးကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာကောင်းတစ်ယောက်

ဝဋ်ဆိုတာ လည်စမြဲပဲလေ
By thatoeaung55@gmail.com at 10:59
No comments
ဝဋ်ဆိုတာ လည်စမြဲပဲလေ
‘၀ဋ်’ ဆိုတာ ‘၀ဋ္ဋ’ ဆိုတဲ့ ပါဠိကနေ လာတာ၊ ပါဠိပျက် စကားလုံး ပါဠိမွေးစား စကားလုံးပေါ့။ ဘာကို ၀ဋ်ခေါ်သလဲ ဆိုတော့ ‘အစဉ်မပြတ် အဆက်မပြတ် အထပ်ထပ် လည်ပတ်ဖြစ်နေတဲ့ ရုပ်တရား နာမ်တရား အားလုံး’ ကို ‘၀ဋ်’ လို့ ခေါ်တာ။

‘၀ဋ်လည်တယ်’ လို့လည်း ပြောကြတယ်၊ ၀ဋ်လိုက်တယ်လို့လည်း ပြောကြတယ်၊ ၀ဋ်က
လည်တာလား၊ လိုက်တာလား။ ကုသိုလ်ကံ အကုသိုလ်ကံတွေပြုတော့ ‘ကမ္မ၀ဋ်’၊
ဒီကံတွေကြောင့် ကောင်းကျိုး ဆိုးကျိုးတွေ ရတော့ ‘၀ိပါက၀ဋ်’၊
လောဘဒေါသကိလေသာတွေ ဖြစ်တော့ ‘ကိလေသ၀ဋ်’ ၀ဋ်က ဒီလို သုံးပါးရှိတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ဟာ ဘ၀တစ်ခုမှာ နွားကျောင်းသား ဖြစ်စဉ်က မျှော့သတ္တ၀ါအပေါ် ဆားပုံခဲ့သတဲ့။ ဒါက ကမ္မ၀ဋ်ပေါ့။ အဲဒီ ကမ္မ၀ဋ်ကြောင့် ရဟန္တာ ဖြစ်ပေမယ့် ပရိနိဗ္ဗာန် စံဝင်တဲ့အခါ သွေးအန်ပြီးတော့ စံရတယ်၊ ဒါက ၀ိပါက၀ဋ်။
အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ဟာ မယားဆိုးရဲ့ ကုန်းချောမှုကြောင့် မိဘနှစ်ပါးကို ရိုက်သတ်ခဲ့တယ်။ အဲဒီ ကမ္မ၀ဋ်ကြောင့် နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော့ ခိုးသားငါးရာတို့ရဲ့ အရိုက်အနှက် ခံရပြီး ပရိနိဗ္ဗာန် ပြုရတယ်။ ဒါက ၀ိပါက၀ဋ်။
အရှင်စက္ခုပါလ ရဟန္တာမထေရ်မြတ်ဟာ ဆေးဆရာ ဘ၀တုန်းက ဆေးဖိုးမပေးချင်တဲ့ လူနာကို မျက်စိကန်းအောင် လုပ်ခဲ့တယ်။ အဲဒီ ကမ္မ၀ဋ်ကြောင့် ရဟန္တာ ဖြစ်ပေမယ့် မျက်စိကွယ်ရတယ်။ ဒါက ၀ိပါက၀ဋ်။
ဘုရားရှင်ဟာ ဘုရားဖြစ်ဖို့အတွက် ဒုက္ကရစရိယာ အကျင့်ကို ငတ်ငတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲ ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့ရတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က ဘာလဲဆိုတော့ ဇောတိပါလ ပုဏ္ဏားဖြစ်စဉ်က ကဿပ ဘုရားရှင်ကိုယ်တော်မြတ် ဒုက္ကရစရိယာ ခြောက်လကျင့်တယ်ဆိုတာ ကြားတော့ ငါဘုရားဖြစ်တဲ့အခါ ခြောက်နှစ်ကျင့်ပြမယ်လို့ နှုတ်လွန်ခဲ့တဲ့ ၀စီကံပဲ။
တစ်ခါတော့ ဂေါတမဘုရားရှင် ပရိသတ်လေးပါးအလယ် တရားဟောနေခိုက် စိဉ္စမာဏ မိန်းမယုတ်က ဗိုက်ကို သစ်သားပြားတွေ ကပ်ချည်ကာ ကိုယ်ဝန်ရှိတဲ့ ပုံစံနဲ့ “ဂေါတမ...သင်က ဒီမှာလာပြီး သူတော်ကောင်းယောင် ဆောင်နေတယ်၊ သင်နဲ့ ရထားတဲ့ ဒီဗိုက်က ဘယ်သွားမွေးရမှာလဲ” လို့ စွပ်စွဲတာကို ခံရတယ်။ ဒါက ၀ိပါက၀ဋ်။ ဘ၀တစ်ခုမှာ ဘုရားအလောင်းဟာ အရက်သမား ဖြစ်ခဲ့တယ်။ လမ်းတစ်နေရာ ဆွမ်းခံရပ်နေတဲ့ ပစ္စေကဗုဒ္ဓ အရှင်မြတ်တစ်ပါးကို “ဒီရဟန်းဟာ အကျင့်ယုတ်သူပဲ” လို့ အရက်မူးမူးနဲ့ စွပ်စွဲမိတယ်။ ဒါက ကမ္မ၀ဋ်ပေါ့။
တိတ္ထိတွေဟာ ဘုရားရှင်ကို တိုက်ခိုက်လိုသဖြင့် သူတို့တပည့် သုန္ဒရီပုရဗိုဇ်မကို ညနေခင်း လူတွေ ဘုရားကျောင်းတော်မှ တရားနာပြန်ချိန်မှာ ကျောင်းတော်ကို သွားတဲ့ပုံစံ လုပ်ခိုင်းတယ်။ လူတွေက မေးတဲ့အခါ ကျောင်းတော်သွားပြီး ဂေါတမနဲ့ အတူအိပ်မှာ ဖြစ်တဲ့အကြောင်း ဖြေခိုင်းတယ်။ နံနက်ခင်း လူတွေ ဘုရားဖူးလာချိန်မှာ ကျောင်းတော်က ပြန်လာတဲ့ဟန် ပြုခိုင်းတယ်။ လူတွေက မေးတဲ့အခါ ဂေါတမနဲ့အိပ်ပြီး ပြန်လာတာလို့ ဖြေခိုင်းတယ်။ လူတွေ သံသယဖြစ်အောင် လုပ်ထားတယ်။
နောက်တော့ တိတ္ထိတွေဟာ သုန္ဒရီပုရ ဗိုဇ်မကိုသတ်ပြီး ဘုရားကျောင်းအနီးမှာ ပစ်ထားကြတယ်။ ဂေါတမက လက်သည်ပေါ်လာလို့ အစဖျောက်လိုက်တာပဲလို့ စွပ်စွဲကြတယ်။ သဒ္ဓါတရား နည်းတဲ့သူတွေက အဟုတ်ထင်ကြတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က မုနာဠိအမည်ရှိ လုလင်ပျိုဖြစ်စဉ်က ပစ္စေက ဗုဒ္ဓအရှင်မြတ်တစ်ပါးကို အကျင့်ယုတ်သူလို့ စွပ်စွဲခဲ့တယ်။
ဘုရားရှင်ဟာ သုန္ဒရီ အသတ်ခံရမှုနဲ့ စပ်လို့ လူအများရဲ့ ယုံမှားသံသယဖြစ်မှုကို ခံရတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က ရသေ့ဖြစ်စဉ်က အခြားဈာန်ရ ရသေ့တစ်ပါးကို ငြူ စူစောင်းမြောင်းခဲ့တယ်။
ဘုရားရှင်ဟာ ဂိဇ္ဈကုဋ်တောင်ခြေ စင်္ကြံကြွတော်မူစဉ် အရှင်ဒေ၀ဒတ်က ကျောက်တုံးလှိမ့်ချပြီး လုပ်ကြံမှုကို ခံတော်မူရတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က ရှေးအခါ သူကြွယ်ညီနောင်ဖြစ်စဉ်က ညီဖြစ်သူကို အမွေခွဲမပေးချင်လို့ ကျောက်တုံးနဲ့ ထုသတ်ခဲ့တယ်။
အရှင်ဒေ၀ဒတ်က ကျောက်တုံးနဲ့ လှိမ့်ချတဲ့အခါ ကျောက်လွှာတစ်ခုပဲ့ပြီး ဘုရားရှင်ရဲ့ ခြေမတော်ကို မှန်ကာ အနာဖြစ်သွားတယ်။ ဒါက ၀ိပါက၀ဋ်။ ကမ္မ၀ဋ်က ရှေးအခါ သူငယ်ဘ၀မှာ ပစ္စေကဗုဒ္ဓတစ်ပါးကို ခဲနဲ့ပေါက်ရာ ခြေထောက်ကို ထိမှန်သွားခဲ့တယ်။
ဘုရားရှင် ရာဇဂြိုဟ်မြို့ ဆွမ်းခံကြွစဉ် အရှင်ဒေ၀ဒတ်နဲ့ အဇာတသတ် ဆရာဒကာ ပူးပေါင်းကြံစည်ကာ နာဠာဂီရိဆင်ကြီးအား အရက်တိုက်ပြီး ဆင်နဲ့တိုက်ခိုက်စေတာကို ရင်ဆိုင်ရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ ဆင်ထိန်းဖြစ်စဉ်က ပစ္စေကဗုဒ္ဓတစ်ပါးကို ဆင်နဲ့ တိုက်ခဲ့တယ်။ ဒါက ကမ္မ၀ဋ်။
ဘုရားရှင် ခြေမတော် ကျောက်လွှာထိမှန်မှုကြောင့် အနာဖြစ် မန်းဝင်ပုပ်ဆွေး ပြည်တည်တဲ့အခါ ဆရာဇီဝက ဓားနဲ့ခွဲတာ ခံတော်မူရတယ်။ ဒါက ၀ိပါက၀ဋ်။
ရှေးအခါ ပဒေသရာဇ် မင်းတစ်ပါးဖြစ်စဉ်က အရက်မူးပြီး လူတစ်ယောက်ကို သတ်ခဲ့တယ်။ ဒါက ကမ္မ၀ဋ်။ ဘုရားရှင်ဟာ မကြာခဏ ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်၊ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ တံငါဖြစ်စဉ် တံငါတစ်ယောက်က ငါးကို ခေါင်းထုရိုက်သတ်တာကို ၀မ်းမြောက်ဝမ်းသာ အားပေးခဲ့တယ်။ ဒါက ကမ္မ၀ဋ်။
ဘုရားရှင် ဝေရဉ္ဇပြည်မှာ ၀ါကပ်စဉ် မာရ်နတ်မင်းရဲ့ လှည့်စားမှုကြောင့် ဘယ်သူမှ ဆွမ်းမလောင်းကြလို့ မြင်းစာ ပြောင်းဆန်ကြမ်းကို ၀ါတွင်းသုံးလ ဘုဉ်းပေးတော်မူရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ ဘ၀တစ်ခုမှာ ရဟန်းတော်များ ဆွမ်းကပ်နေစဉ် ထမင်းကြမ်းစားသူတွေလို့ ပြောခဲ့တယ်။ ဒါက ကမ္မ၀ဋ်။ ဘုရားရှင်ဟာ ခါးကိုက်ဝေဒနာကို မကြာခဏ ခံစားတော်မူရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ လက်ဝှေ့သမားဖြစ်စဉ်က ရှုံးသူမှန်သမျှ ခါးရိုးကို မြေကြီးနဲ့ ကိုင်ရိုက်ခဲ့တယ်။ ဒါက ကမ္မ၀ဋ်။
ဘုရားရှင်ဟာ ဆဒ္ဒန်ဆယ်စီး အားကြီးပေမယ့် ပရိနိဗ္ဗာန် ပြုတော်မူတဲ့အခါ ၀မ်းတော်လား အားအင်ကုန်ခန်း ညှိုးနွမ်းပျော့ခွေ ပရိနိဗ္ဗာန် ပြုရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါ ဆေးဆရာတစ်ယောက် ဖြစ်ခဲ့စဉ်က ဆေးဖိုးမပေးတဲ့ သူဌေးတစ်ယောက်ကို ၀မ်းနုတ်ဆေးတွေ ကျွေးခဲ့တယ်။ ဒါက ကမ္မ၀ဋ်။ ဗိမ္ဗိသာရမင်းကြီးဟာ သားမိုက်အဇာတသတ်ရဲ့ အမိန့်အာဏာနဲ့ ခြေဖ၀ါးဓားခွဲ ဆားပက်မီးကင်တာခံရပြီး နတ်ရွာစံရတယ်။ ဒါက ၀ိပါက၀ဋ်။ ရှေးအခါက စေတီရင်ပြင်မှာ ဖိနပ်စီးခဲ့တယ်။ ခြေမဆေးဘဲ သံဃာတွေအတွက် ခင်းထားတဲ့ အခင်းပေါ်မှာ နင်းခဲ့တယ်။ ဒါက ကမ္မ၀ဋ်။
အဇာတသတ်က ဖခင်ဗိမ္ဗိသာရကိုသတ်ပြီး ဘုရင်တက်လုပ်တယ်။ အဇာတသတ်ရဲ့သား ဥဒယမင်းသားက ဖခင်အဇာတသတ် ဘုရင်ကိုသတ်ပြီး ဘုရင်တက်လုပ်တယ်။ ဥဒယဘုရင်ရဲ့သား မဟာမုဏ္ဍိကမင်းသားက ဖခင်ဥဒယဘုရင်ကိုသတ်ပြီး ဘုရင်တက်လုပ်တယ်။ မဟာမုဏ္ဍိက ဘုရင်ရဲ့သား အနုရုဒ္ဓမင်းသားက ဖခင် မဟာမုဏ္ဍိက ဘုရင်ကို သတ်ပြီး ဘုရင်တက်လုပ်တယ်။ အနုရုဒ္ဓဘုရင်ရဲ့သား နာဂဒါသမင်းသားက ဖခင်အနုရုဒ္ဓ ဘုရင်ကို သတ်ပြီး ဘုရင်တက်လုပ်တယ်။ ဒီလိုနဲ့ အဖသတ်ဇာတ်လမ်း ကမ္မ၀ဋ် ၀ိပါက၀ဋ်တွေ လည်နေတယ်။ နောက်တော့မှ တိုင်းပြည်က ဒီအစဉ်အလာကြီး မကောင်းပါဘူးဆိုပြီး မျိုးနွယ်ဖြတ်ပစ်လိုက်ကြတယ်။
ယခု ဆိုခဲ့တာတွေဟာ အကုသိုလ် ကမ္မ၀ဋ်နဲ့ အကုသလ၀ိပါက် ၀ိပါက၀ဋ်တွေပဲ။ အများ နားလည်နေတာကလည်း ၀ဋ်ဆိုရင် ဆိုခဲ့တဲ့အတိုင်းပဲ မကောင်းတဲ့ဘက်ကပဲ မြင်နေကြတယ်။ တကယ်တော့ ကုသိုလ်ကံကြောင့် ကောင်းကျိုးတွေရတာလည်း ၀ဋ်လည်နေတာပဲ။ အကုသိုလ်ကံကြောင့် မကောင်းကျိုး ဆိုးကျိုးတွေ ရနေတာလည်း ၀ဋ်လည်နေတာပဲ။ ၀ဋ်ဆိုတာ ကောင်း၊ မကောင်း နှစ်မျိုးလုံးနဲ့ ဆိုင်တယ်။ ကောင်းတဲ့ ကုသိုလ်ကံ ကမ္မ၀ဋ်ကြောင့် လူ့ဘုံနတ်ဘုံ ဗြဟ္မာဘုံဆိုတဲ့ သုဂတိဘုံတွေမှာ ၀ိပါက၀ဋ် အဖြစ်နဲ့ လည်ရတယ်။ မကောင်းတဲ့ အကုသိုလ်ကံ ကမ္မ၀ဋ် ကိလေသ၀ဋ်ကြောင့် ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး ဒုဂ္ဂတိဘုံမှာ ၀ိပါက၀ဋ် အဖြစ်နဲ့ လည်ရတယ်။ သံသရာလည်တာနဲ့ ၀ဋ်လည်တာ အတူတူပါပဲ။ တကယ်တော့ ‘၀ဋ္ဋံတေဘူမကံ ဒုက္ခံ’ ဆိုတဲ့ ပါဠိအရ ဘုံသုံးပါးမှာ ဖြစ်နေတဲ့ ၀ဋ်သုံးပါးလုံးဟာ ဒုက္ခတွေချည်းပါပဲ။ ဘာပဲပြုပြု တဏှာအစေး မကင်းသမျှ ဒုက္ခရောက်ကြောင်း သမုဒယချည်းပါပဲ။ ဖြစ်ချင်မှု၊ လိုချင်မှု၊ တပ်မက်မှု တဏှာအစေး ကင်းမှသာ သံသရာရပ်ပြီး ၀ဋ်က ပြတ်မှာပါ။ ကုသိုလ်တွေ အကုသိုလ်တွေကုန် ကမ္မ၀ဋ် ကိလေသ၀ဋ် နှစ်ပါးပြတ်မှ ၀ိပါက၀ဋ်လည်း ငြိမ်းမှာပါ။ ၀ဋ်သုံးပါးလုံးငြိမ်းမှ ၀ဋ်ကျွတ်မှာပါ။ ကုသိုလ် အကုသိုလ်တွေ ရှိနေသမျှ ၀ဋ်ဆိုတာ လည်နေဦးမှာပါ၊ ရုပ်နာမ်နှစ်ပါး မချုပ်ငြိမ်းသေးသမျှ သံသရာလည်နေသမျှတော့ ၀ဋ်ဆိုတာ လည်စမြဲပဲလေ။
Writer:
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

(((-သုဂတိ ဘုံ သို့ ဘဝ ကူးနည်း-)))
By thatoeaung55@gmail.com at 10:47
1 comment
(((-သုဂတိ ဘုံ သို့ ဘဝ ကူးနည်း-)))
======================
သေနည်း
-----------
မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။

မည်သူ မဆို
သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ
နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက်
စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။
ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝ တွင် ခဏ
လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ်သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ
ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း
သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။ စိတ်ကို
ရှင်းရှင်းထား အားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။
သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက်တစ်ဘဝ အတွက် အကျိုးပေး သဖြင့် ဘဝကူး အတွက် အလွန် အရေးကြီး သည် ။ သေခါ နီး ကာလ ဆိုတာ ကိုယ်အား နှုတ်အား တွေ လျော့ ပါး နေတဲ့ အတွက် ကာယကံ မှု ၊ ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရမည် ။ မနောကံ အလုပ် ၊ စိတ်ထဲက နှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။ သေခါ နီး ဆိုတာ များများ မလုပ်နိုင်တော့ ဘူး ။ လုပ်သလောက်ဟာကလေး တိတိကျကျ မိမိရရ ရှိဖို့ အရေး ကြီးပေသည် ။
ဒီဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ်ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံး ချုပ်မယ့် ပုံစံကို တိတိကျကျ ရေးဆွဲ ထားရမည် ။ ဘယ် အသက် အရွယ်မှာ ၊ ဘယ် အနာ ရောဂါ နှင့် ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမည် ဆိုတာ ဘယ်သူမှ ကြိုတင် မသိ နိုင်တဲ့ အတွက် သေနည်းကို ကြိုတင် လေ့ကျင့် ထားဖို့ လိုသည် ။ ညစဉ် အိပ်ယာ ဝင်တိုင်း တကယ်သေခါ နီး အချိန်လို့ သဘောထား ပြီး အစမ်းလေ့ကျင့် ထားဖို့ လိုသည် ။ အလေ့ အထ ဖြစ်အောင် ၊ ခိုင်မာ အောင် မကြာ ခဏ အာရုံပြု လေ့ကျင့် ထားရမည် ။ မိမိ စိတ် အာရုံတွင် နှစ်သက် ကြည်လင် မှုရှိတဲ့ နည်းတစ်မျိုးမျိုး ကို ထပ်ကာ ထပ်ကာ မီးထိုး ပေးနေရမည် ။ တဖန် တလဲလဲ လေ့ကျင့်နေရမည် ။ သေနည်း ငါးမျိုး အနက် ကြိုက် နှစ်သက်ရာ တစ်မျိုး ကို ရွေးချယ်ပြီး သေမင်းကို မကြောက် မရွံ ရင်ဆိုင် နိုင်အောင် အသင့် ပြသ်ထား ရမည် ။
သေနည်း ငါးမျိုး
၁။ သရဏဂုံနှင့် ဘဝ ကူး နည်း ။
၂။ ဒါန နှင့် ဘဝ ကူး နည်း ။
၃။ သီလ နှင့် ဘဝ ကူး နည်း ။
၎။ သမထ နှင့် ဘဝ ကူး နည်း ။
၅။ ဝိပဿနာ နှင့် ဘဝ ကူး နည်း ။
သရဏဂုံ နှင့် ဘဝ ကူး နည်း ။
******************************
သရဏဂုံ တည်ဆောက် ပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။
ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။
အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့် နေသွားပါ ။
သေခါ နီးမှာ
ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ( မြတ်စွာ ဘုရား ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
ဓမ္မံ သရဏ ဂစ္ဆာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
သံဃံ သရဏံ ဂစ္ဆာမိ ( သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
လို့ အဓိပာယ် ပါ အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။ သရဏဂုံ နှင့် ဘဝ ကူး ရင် ကောင်းရာ သုဂတိ ရောက်သည် ။
ဒါန နှင့် ဘဝ ကူးနည်း
++++++++++++
ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေကျပ်ဆုံး ၊ အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ ။
ပီတိ အားကောင်းမှ အကျိုးပေး ထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု ကို ခုလောလောဆယ် လှူ နေရသလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်း ဖြစ်နေ စဉ် အလှူ ဒါန ပြုပြီး ပြုခဲ့ သော အလှူဒါနကို နှလုံးသွင်း ပီတိ ဖြစ်သည် အထိ အားရုံ ပြု ပွားများ၍ လည်း ရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်း ဆင်ခြင် ရပါမည် ။
မိမိ လှူ ထားသော အဆောက် အဦး ၊ လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။ မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။
သီလနှင့် ဘဝ ကူးနည်း
****************
နေ့ စဉ် ပုံမှန် ငါးပါး သီလ ခံယူပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ သေခါ နီး သံယောဇဉ် ဖြတ်ပြီး စိတ်ကို ငြိမ်အောင် ထားပါ ။ မိမိ သီလကို နှလုံးသွင်းပြီး သီလ နုဿတိ ဖြစ်နေ အောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ ။ သေခါ နီး တွင် လည်း ဘုရား အာရုံ ပြုပြီး ငါးပါး သီလ ခံယူ ပါ ။ အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံ ပြုပါ ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
သမထ နှင့် ဘဝ ကူး နည်း
xxxxxxxxxxxxxxxxxx
သမထ ဆိုတာ တစ်ခုကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ်ကို ဟို သည် မပျံ့  လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။ သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။ သေခါ နီး သူ သည် အများ အပြား မလုပ်နိုင်တော့ သဖြင့် တိုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြု ပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း - အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊ လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံး သွင်း ပွားများရပါ မည် ။ မေတ္တာ ဘာဝနာ ပွား များနည်း - သတ္တဝါ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေ နှလုံးသွင်း ပွားများရ ပါမည် ။
ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများ နည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကို ကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံပြုပါ ။ ကောင်းရာ သုဂတိ ရောက်သည် ။
ဝိပဿနာ နှင့် ဘဝ ကူးနည်း
++++++++++++++++
ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ ကိုယ် အမှု အရာ ဘာပဲ ပြုပြု - ပြုနေစဉ် ၊ စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် - ဖြစ်နေစဉ် ၊ နေ့ စဉ် တိုင်း နေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွား ရန် ဖြစ်သည် ။ ရုပ် နာမ် တရား တို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့် အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများ အားထုတ်ခြင်း ဖြစ်သည် ။ ဝိပဿနာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်း နာခံပြီး စနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿနာ အားထုတ် ရမည် ။ အိမ် မှာလည်း နေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ ဝိ ပဿနာ ကို နှလုံး သွင် ပြီး ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
( မိုးကုတ် ဆရာတော်ဘုရား ကြီး ၏ ဝေဒနာ ကုန်ပျောက် နိဗာန် ပေါက် တရား တော်မှ ဝိ ပဿနာ နှင့် ဘဝ ကူး နည်း ကို အကျဉ်းချုပ် ကောက် နှုတ် ဖော် ပြ ပါမည် ။ ဘုရား ရှင်က သေနည်း ၆=မျိုး ဟော ကြား ထားပါသည် ။ ပုထုဇဉ် တို့၏ သေ နည်း က ၃-မျိုး ၊ သောတာပန်- သကဒါဂါမ် ၊ အနာဂါမ် တို့ သေနည်းက ၃-မျိုး ပေါင်း -၆-မျိုး ရှိပါသည် ။ အဲဒီ အထဲက မှ ဆရာတော် ကြီး ဟော ကြားထား သော ပုထုဇဉ် တို့ အတွက် အသင့် တော်ဆုံး သေ နည်း တစ်မျိုးကို ဖော်ပြ ပါမည် ။ အဲဒီ နည်း ကတော့ ဘုရားရှင် နှင့် တပည့်သား တို့ ထံ မှ ကြား နာရသည့် တရား အတိုင်း ဝေဒနာ နှင့် ငါမရောအောင် ကိုယ်တိုင် ရှု မှတ် ပွားများ ၍ သေနည်း ဖြစ် ပါသည် ။
သေခါ နီး တွင် ဝေဒနာ အမျိုးမျိုး ပေါ်လာ မည် ။ အဲဒီ အချိန်မှာ ရှု နည်း အသားကျ နေအောင် အခု ကတည်း က ဝေဒနာ ကို ငါ နှင့် မရောဘဲ ကိုယ် ညာဏ နှင့် ကိုယ် ဖြစ် ပျက် ရှု မှတ် တတ်အောင် ကြိုးစား ပြီး အကျင့် လုပ်ထား ရမည် ။ ဖြစ် ပျက် ရှုမှတ် တဲ့ အတွက် ဝေဒနာ ကို ဖြစ်တာနှင့် ပျက်တာ ပဲ သိနေမည် ။ အမှန် သိနေတဲ့ အတွက် အဝိဇ္ဖာ မလာပါ ။ သံသရာ ဝဋ် ဆင်းရဲ မှ မရုန်း ထွက် နိုင်အောင် သတ္တဝါတို့ အား အလွန် ယစ် မှုးတွေ ဝေ စေတတ်သော အာသဝေါ တရား အကုန် ချုပ်တဲ့ နည်း ၊ ဖြစ်သည် ။ ဒီလို ဝေဒနာ ကို ဖြစ် ပျက် ရှု တဲ့ အတွက် ရှုတဲ့ သူမှာ ပဋိစ္စ သမုပါဒ် တွေ ပြတ်နေ သည် ။ ဒါကြောင့် ရှု ရင်း ရှု ရင်း သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် အထိ ရောက်သွား နိုင်သည် ။)
ဓမ္မဒါန…မှတ်ချက် အချို့ စာလုံးများသည် အဆင့် ကျန်နေသည်ကို နား လည်ပေးစေချင်ပါသည်။
စာဖတ်ကြသူ ဓမ္မ မိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့သည် ။
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ ကြပါစေ…
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ..ဟု…
ဆုတောင်း ပေးရင်း…
မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်း မရှိသော…
မိဘဂုဏ်ရည်ဆရာတော်
အရှင်ကုဏ္ဍလ@သမဏနွယ်(ရွှေပြည်သာ)
မိဘဂုဏ်ရည် ဆရာတော်

Monday, 3 November 2014
အရှင်ရာဟုလာ၏ တော်ဝင်စိတ်ထားများ
By thatoeaung55@gmail.com at 04:09
No comments
အစစအရာရာ ပြည်စုံအထက်တန်းကျ
လွန်းတဲ့ ပုဂ္ဂိုလ်မြတ်လို့ ပြောရမှာပါ။ ကိုရင်ရာဟုလာဟာ ရုပ်ဝတ္ထုဘက်ကသာ အထက်တန်းကျတဲ့ သူလားလို့ မေးစရာရှိပါ တယ်။ မဟုတ်ပါဘူး။ နှစ်လုံးသားလှပတဲ့နေရာ၊ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတဲ့ နေရာ မှာလည်း သူမတူအောင်ပါပဲ။
ရာဟုလာဟာ သိက္ခာသုံးပါးအဆုံးအမတရားကို မြတ်နိုးတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တယ်လို့ ဘုရားကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူး နဲ့ ချီးကျူးတော်မူခဲ့ရတဲ့အထိပါ။ ကိုရင်ရာဟုလာအကြောင်းကို
တွေးမိတဲ့အခါတိုင်း ကြည်နူးမှု၊ ကြည်ညိုမှု၊ အားကျမှု၊ ရသမျိုး စုံကို တပြိုင်နက်တည်း ခံစားရစမြဲပါ။ တဆက်တည်းမှာပဲ မြင့်မြတ်တဲ့ဘ၀တစ်ခုတည် ဆောက်ဖို့ အရေးမှာ
"အဆုံးအမသြ၀ါဒ "အခန်းကဏ္ဍဟာ"မရှိမဖြစ်မိုး" လို့ ဆိုရလောက်အောင် အရေးကြီး ပါလား လို့ ဆင်ခြင်မိပြန်ပါတယ် ။
တော်ဝင်စိတ်ထား (၁)
အများသိပြီးဖြစ်ပေမယ့် ကိုရင်ရာဟုလာရဲ့အကြောင်းကို ပြောပြချင်ပါသေးတယ်။
ကိုရင် ရာဟု လာဟာ တော်ဝင်စိတ်ထားပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့။
ကိုရင်ရာဟုလာ နံနက် စောစော အိပ်ယာထ၊ လက်ခုပ်နဲ့ သဲမှုန့်လေးတွေကိုကျုံးပြီး
အဓိဌာန်လေ့ရှိပါတယ်။"ယနေ့ တစ်နေ့တာအတွက် ဘုရားးရှင်ထံကဖြစ်စေ ဥပဇ္ဈာယ်စတဲ့ ဆရာသမားတွေ ထံကဖြစ်စေဒီသဲမှုန်နဲ့အမျှ အဆုံးအမ သြ၀ါဒစကားတွေနာယူခွင့်ရလိုပါတယ်တဲ့"။
ဘယ် လောက်မြင့်မြတ်တဲ့ စိတ်ဓာတ် ပိုင်ရှင်လဲဆိုတာ မှန်းဆ ကြည်ညိုကြည့်ပါ။ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်လေ ကိုရင်ရာဟုလာရဲ့ စိတ်နှစ်လုံးသားလှပမှု ရသကို ခံစားလို့မ၀လေပါပဲ ။
တော်ဝင်စိတ်ထား(၂)
ဒါတွင်မကသေးပါဘူး။ ကိုရင်ရာဟုလာရဲ့ ဂုဏ်ရနံ့က သင်းပျံနေပါတယ်။ "ပန်းသတင်း လေညှင်း ဆောင်၊ လူတင်း လူချင်းဆောင်"ဆိုတဲ့
ဆိုရိုးစကားလိုပေါ့။ အချို့သော ရဟန်းတော် တွေက ကိုရင်ရာဟုလာရဲ့
ဂုဏ်သတင်းကို မှန်မမှန် စမ်းသပ်ချင်လာကြတယ်။ မျက်မြင်ကိုယ်တွေ့ ကြည်ညို
အားကျလိုစိတ်နဲ့  စမ်းသပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ကိုရင်ရာဟုလာ လာနေတာ ကို
မြင်တဲ့အခါ တံမြက်စည်းတို့ ၊ အမှိုက်တောင်းတို့ ကို လမ်းမှာပစ်ထားကြပါတယ်။
ကိုရင်ရာဟုလာ လွန်သွားတဲ့ အခါမှာတော့' ဒီတံမြက်စည်းတွေ အမှိုက်တောင်းတွေကို ဘယ်သူချထားတာလဲ' လို့ ရဟန်းတစ်ပါးက မေးပါတယ်။
" ရှင်ရာဟုလာ ဖြတ်သွား တာမြင်တာ ပဲ" " သူများချသွားတာလား" တပည့်တော်လုပ်တာ မဟုတ်ပါဘူး၊ တပည့်တော်ကို မစွပ်စွဲပါနဲ့"
ကိုရင်ရာဟုလာ ကတော့ ယောင်လို့တောင် ဒီလို ခွန့်တုံ့ မပြန်ခဲ့ပါဘူး ။
"သည်းခံခွင့် လွှက် တော်မူပါဘုရား" လို့ တောင်းပန်ပြီး ပြန် ကောက်သွားလေ့ရှိပါသတဲ့ ။
တော်ဝင်စိတ်ထား(၃)
တစ်ခါမှာတော့ ကောသမ္ဗီမြို့အနီးက ဆီးတောကျောင်းတိုက်မှာ
ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးနေထိုင်တော်မူချိန်၊ကိုရင်ရာဟုလာည်း
ဒီကျောင်းတိုက်မှာ ရှိနေခဲ့ပါတယ် ။'လူဒကာ တွေ သာမဏေတွေနဲ့ အမိုးတူ အကာတူ ကျောင်းမှာအတူမအိပ်ရ' လို့ ရဟန်းတော်တွေအတွက် သိက္ခာပုဒ် ပညတ်တော်မူပြီးစ အချိန်ပေါ့ ဒီတော့ ရဟန်းတော်တွေက ကိုရင်ရာဟုလာကို အမိန့်ရှိ ကြပါတယ် ။
" ငါ့ရှင် ရာဟုလာ၊ ဘုရားရှင်ကတော့ ဒီလို ဒီလို သိက္ခာပုဒ်ပညတ် တော်မူထားတယ်၊ ရဟန်း တော်တွေဟာ ငါ့ရှင်နဲ့အတူ မအိပ်ကောင်းဘူး ၊ အိပ်ဖို့နေရာရှာပါ" စိတ်နှစ်လုံးသားမြင့်မြတ်လှပတဲ့ ကိုရင်ရာဟုလာဟာ ရဟန်းတော်တွေနဲ့ ကျောင်းဆောင်ထဲမှာ အတူမအိပ်တော့ပါဘူး ။ ဘုရားရှင်ကိုယ်တော်မြတ် သီးသန့် အသုံးပြုတော်မူတဲ့ ၀စ္စကုဋိ(အိမ်သာ) ထဲမှာ သွားပြီး အိပ်စက်ရှာပါတယ်။ သူအတွက်နဲ့ အခြားရဟန်းတော်တွေ အာပတ်အပြစ်မဖြစ်စေချင်လို့ပါ။
ဘုရားရှင်ထံဖြစ် စေ၊ရဟန်းတော်တွေထံဖြစ်စေ၊အကျိုးအကြောင်းလျောက်ထားမယ်ဆိုရင် အိပ်စက်ဘို့ရာအတွက် အဆင် ပြေနိုင်စရာ ရှိပါတယ်။ ရဟန်းတော်တွေကလည်း ရုပ်ရည်ရော စိတ်ဓာတ်ပါ လှပတင့်တယ်တဲ့ ကိုရင် ရာဟုလာကို ဖေးမကူညီဘို့ အဆင်သင့်ဖြစ်နေကြမှာပါ။ ဒါပေမဲ့ ကိုရင်ရာဟုလာကတော့ ရသင့်တာထက်ပိုပြီး အခွင့်အရေး မယူခဲ့ပါဘူး။ ဒီလိုအခွင့်အရေး ပိုမယူတတ်တာ၊ စွန့်လွှက် အနစ်နာခံ တတ်တာတွေဟာ တော်ဝင်စိတ်ထားပိုင်ရှင်တွေရဲ့ လက္ခဏာပဲမဟုတ်လား ။
နှလုံးသား လှပနေရခြင်း၏ အကြောင်းရင်း
မပြည့်စုံတဲ့အဖြေဒီနေရာမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ရှိလာပါတယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့ ကိုရင်ရာဟုလာ ဟာ ဘာဖြစ်လို့ မယုံကြည်နိုင် လောက်အောင် နှလုံးသား လှပနေတာလဲ၊ ကိုရင် ရာဟုလာရဲ့ စိတ်ဓာတ်ဟာ ဘာကြောင့် အထက်တန်းကျ မြင့်မြတ်နေရတာလဲ၊ သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။ စာရေးသူ အနေနဲ့ အကြောင်းရင်းကို ရှာဖွေလေ့လာကြည့်ခဲ့ပါတယ် ။
' ပါရမီရှင်မို့လို့ပေါ့ ' လို့ အများ ပြောလေ့ ပြောထရှိတဲ့ အဖြေမျိုးကို ရာနှုန်းပြည့် သဘော မတူနိုင် ပါဘူး။ တိကျပြည့်စုံမှု မရှိတဲ့ အဖြေလို့ ယူဆမိပါတယ်။
ပါရမီရှင်မို့ စိတ်ဓာတ်မြင့်မြတ် တာပါလို့ဆိုရင် အင်္ဂုလိမာလ မထေရ်အလောင်း အဟိံသက ဟာလည်း ပါရမီရှင်ပါပဲ။ ဒီဘ၀ဒီခန္ဓာနဲ့ ပရိနိဗ္ဗှာန်စံဝင်မယ့် တကယ့်ပါရမီရှင်စစ်စစ်ပါ။ သူ့ လို ကို့လို ပါရမီရှင်မျိုးတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ပါရမီရှင်ဖြစ်တဲ့ အဟိံသကဟာ လူပေါင်း ထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ လူသတ်သမားကြီး အဖြစ်နဲ့ ဘ၀ခရီးကြမ်းကို လျောက်လှမ်းခဲ့ရ ပါတယ်။ ဘုရားရှင်ရဲ့ အချိန်ကိုက် ကယ်တင်မှုကြောင့်သာ မိခင်ရင်းကို သတ်ဖြတ်ခွင့်မသာခဲ့တာပါ။ မိခင်ရင်း ကိုသာသတ်ဖြတ်ခွင့် သာခဲ့မယ်ဆိုရင် အဟိံသကရဲ့ဘ၀က မတွေးဝံ့စရာပါ။ ရဟန္တာဖြစ်ဖို့ နေနေ သာသာ အ၀ီစိအထိကျရောက်သွားနိုင်ပါတယ်။ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းလည်း ပါရမီရှင်ပဲလေ။ တန်ဆောင်မုန်းလပြည့် ညမှာဟောကြားတော်မူတဲ့ သာမညဖလသုတ္တန်ကို နာယူပြီးချိန်မှာ သောတာပန် အရိယာဖြစ်နိုင် တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့တာပါ။ ဒါပေမဲ့ခမည်းတော် သောတာပန် မင်းကြီးကို သတ်ဖြတ်ခဲ့တဲ့အတွက် လောဟကုမ္ဘီငရဲရောက်သွားခဲ့ရပါတယ်။ ဒါကြောင့် ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတာဟာ 'ပါရမီရှင်ဖြစ်လို့' ဆိုတဲ့အဖြေဟာ တိကျပြည့်စုံမှုမရှိဘူးလို့ပြောခဲ့တာပါ။
မှန်ကန်ပြည့်စုံတဲ့အဖြေ ကိုရင်ရာဟုလာ မြင့်မြတ်အထက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်လာခြင်းရဲ့ အကြောင်းရင်း ကို ဆက်လက်လေ့လာစူးစမ်းခဲ့ပါတယ်။ ဒီလို လော့လာစူးစမ်းတဲ့ အခါမှာ'ချိုမြိန်ကေင်းမြတ် အနှစ် သာရပြည့်ဝတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒ စကားတော်တွေနဲ့ မကြာမကြာ ထိတွေ့ နာကြားခွင့်ရလို့' ဆိုတဲ့အဖြေကို ဖျတ်ခနဲ့ တွေ့မြင်လိုက်ရပါတယ်။ ဒီအချက်ဟာ ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်လာရ ခြင်းရဲ့ အဓိကအကြောင်းရင်းပါ ။ မှန်ပါတယ်၊ အင်္ဂုလိမာလ မထေရ်လောင်းအဟိံသကနဲ့ အဇာတသတ်မင်းတို့ဟာ ဆရာကောင်းတွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမ စကားတော် တွေကို ထိတွေ့ နာကြားခွင့် လွဲချော်ခဲ့ရပါတယ်။ ဒီအကြောင်း တွေကြောင့်ပဲ လူသတ်သမားတွေ၊ ကံကြီး ထိုက်တဲ့ သူတွေဖြစ်သွားရတာပါ။ ဆရာပေါင်းမှားတော့ တသံသရာလုံး မှောက်ရတဲ့ အဖြစ်မျိုးပေါ့။ ဒါကြောင့် ချိုမြိန်ကောင်မြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကား တွေဟာ မြင့်မြတ်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အဓိကသော့ချက် ဖြစ်တယ်လို့ ဆိုရမှာပါ။
ထူးလှတဲ့ကံကြမ္မာ နောက်တစ်ခုက ဘုရားရှင်က ပါရမီရှင်ပဲဆိုပြီး ကိုရင်ရာဟုလာအပေါ် ကြောင့်ကြမဲ့နေတော် မမူခဲ့ပါဘူး။ ကိုရင်ဖြစ်စ ခုနှစ်နှစ်ရွယ်ကစပြီး သက်တော် နှစ်ဆယ်အရွယ်အထိ အခွင့် အခါသင့်တိုင်း အဆုံးအမသြ၀ါဒစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ကိုရင်ရာဟုလာဟာ ဘုရားရှင် ဆိုတဲ့ ဆရာသမား ကောင်းနဲ့ ငယ်စဉ်ကတည်းက အမြဲလိုလို ထိတွေ့ဆက်ဆံခွင့်၇နေခဲ့ပါတယ်။ ရဟန္တာဖြစ်သည်အထိ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမသြ၀ါဒ စကားတွေ ကိုလည်း နှလုံးသားက ကြားနာခွင့်ရခဲ့တာ မကြာမကြာပါ။ ဒါဟာပါရမီရှင်တွေ ဖြစ်ကြတဲ့ အဇာတသတ် မင်းနဲ့ အဟိံသကတို့ထက် ထူးခြား ကောင်းမြတ်တဲ့ ကိုရင်ရာဟုလာရဲ့ ကံကြမ္မာလို့ပဲ ပြောရ မယ် ထင်ပါရဲ့ ။ မဂ်ဖိုလ်ကိုပင့်လန်းစေတဲ့ မိုးရေစက်များ ဆက်ပြီးပြောချင်ပါသေးတယ်။
ကိုရင်ရာဟုလာရဲ့ နှလုံးသားကို မဂ်ဖိုလ်ပန်းပွင့်လန်းလာ သည်အထိ ဘုရားရှင်က သြ၀ါဒမိုးရေစက်တွေ ပက်ဖျန်းပေးတော်မူခဲ့တဲ့အကြောင်းကိုပါ။ အခွင့် အခါ သင့်တိုင်း ကိုရင်ရာဟုလာလေးကို ဘုရားရှင်ဆုံးမသွန်သင်ခဲ့တဲ့ သုတ္တန်တစ်ခုရှိပါတယ်။ ကိုရင် ရာဟုလာ သက်တော် ခုနှစ်နှစ်အရွယ်ကနေ သက်တော် နှစ်ဆယ်အရွယ် အချိန်ကာလ အတွင်းမှာပါ။ ရာဟုလသုတ္တန်လို့ခေါ်ပါတယ်။ သုတ္တနိပါတ် ပါဠိတော်မှာ သင်္ဂါယနာ တင်ထားတာပါ။ ဘုရားရှင် ဒီသုတ္တန်ကို ဟောပြီး ကိုရင်ရာဟုလာလေးကို ဆုံးမသွန်သင်ခဲ့တဲ့ အကြိမ်ပေါင်းဟာ မရေတွက်နိုင်ပါဘူးတဲ့။ အခွင့်အခါသင့်တိုင်း ဆုံးမ သွန်သင်တော် မူခဲ့တာလို့ ဆိုပါတယ်။ သက်ရှိ သတ္တ၀ါတိုင်းနဲ့ မကင်းနိုင်တဲ့ စားဝတ်နေရေး ကျန်းမာရေးနဲ့ စပ်ပြီးတဏှာ မဖြစ်ပွားစေဖို့၊ သဘောထား မှန်ကန်စွာ ထားတတ်ဖို့စတဲ့ အကြောင်းအရာတွေ ဒီသုတ္တနှ်မှာ တွေ့ရပါတယ်။ အရိယာ သူတော်စင် ဖြစ်သည်အထိ မြင့်မြတ်တဲ့ ဘ၀တစ်ခု တည်ဆောက်ရေးမှ စပြီး ကလျာဏမိတ္တလို့ခေါ်တဲ့ ပတ်ဝန်းကျင်ကောင်း အရေးပါပုံတွေလဲ ပါဝင်ပါတယ်။ နောက်ပြီး ခုနှစ်နှစ်အရွယ် ကိုရင်ရာဟုလာကို 'ကုမာရက ပဥှာ' နဲ့ အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်'တွေနဲ့ ဆုံးမ သွန်သင်တော်မူပါတယ်။ ကလေးဘ၀မှာ အရည်မရ မဖတ်မရ အကျိုးမဲ့စကားတွေ မပြောမိစေဖို့ 'ကုမာရကပဥှာ'ကို ဟောတော်မူခဲ့တာပါ။ အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကိုတော့ ကလေးသဘာဝ လိမ်ညာမပြောမဖို့၊ ကံသုံးပါး စင်ကြယ်အောင် ကျင့်သုံးတတ်ဖို့၊ ဆုံးမဟော ကြားတော်မူခဲ့ပါတယ်။
ကိုရင်ရာဟုလာ သက်တော်(၁၈)နှစ်အရောက် ကိုရင်ကြီးအရွယ်မှာ မဟာရာဟုလောဝါဒ သုတ္တန်ကို ဟောကြားပြန်ပါတယ်။ ကိုယ်ခန္ဓာ လှပတင့်တယ်လာမှုကို အစွဲပြုပြီး တပ်မက်မှု တဏှာ ရာဂ မဖြစ်ပွားစေဖို့ ဟောကြားတော်မူတာပါ။ ဘုရားရှင်က သူအရွယ်နဲ့သူ အချိန်ကိုက် ဆုံးမ သွန်သင်တော်မူခဲ့တာလို့ပြောရမှာပေါ့။ ၀ိပဿနာ ရှုပွါးမှုမှာ မလစ်ဟင်းစေဖို့အတွက် သုတ္တန်ပေါင်း နှစ်ဆယ်ကျော်ကိုလည်း ကြိုးကြား ကြိုးကြားဟောပြ ဆုံးမတော် မူခဲ့ပါသေးတယ်။' ရာဟုလသံယုတ်'ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ နောက်တစ်ခါ ' စူဠရာဟုလောဝါဒသုတ္တန်'ကို ဟောတော်မူပြီး သွန်သင်ဆုံးမ လမ်းပြတော်မူပါတယ်။ ကိုရင်ရာဟုလာ ရဟန်ဖြစ်ပြီးစ သိက္ခာဝါမရမီ သက်တော်
(၂၀ )အရွယ်မှာပါ၊ ဒီသုတ္တန်ကိုနာ ယူပြိးတော့ ရဟန်းဖြစ်စ အရှင်ရာဟုလာလည်း ရဟန္တာ သူတော်စင်ကြီး အဖြစ် ရောက်ရှိသွားပါတော့ တယ်။
မရှိမဖြစ်မိုး ဒီလောက်ဆိုရင် ကိုရင်ရာဟုလာလေး ဘာဖြစ်လို့ မယုံကြည်နိုင်လောက်အောင် နှလုံးသား လှပနေတာလဲ၊ ပုထုဇဉ်ဖြစ်တာချင်း အတူတူ ကိုရင်ရာဟုလာ စိတ်ဓာတ်က ဘာကြောင့်မြင့်မြတ် အထက်တန်း ကျနေရတာလဲ၊အဖြေကတော့ သိသာထင်ရှားလောက်ပါပြီ။ ကိုရင်ရာဟုလာရဲ့ဘ၀မှာ ဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒ စကားတော်တွေနဲ့ ကင်းနေရတဲ့ အချိန်ပိုင်းဟာ မရှိသလောက်ပဲ လို့ပြောရမှာပါ။ မိုးနှင့်ကင်းပြီး သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည်ရှင်သန်နေ ဖို့ မဖြစ်နိုင်ပါဘူး ။ သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည် ရှင်သန်ဖို့အရေးမှာ မိုးဟာ မရှိမဖြစ်လို့ပြောရမှာပါ။
ဒီလိုပါပဲ၊ ရဟန္တာသူတော်စင်ဖြစ်သည်အထိ မြင့်မြတ်တဲ့ဘ၀တစ်ခုကိ တည်ဆောက်လိုသူတိုင်း အတွက် ချိုမြိန်ကောင်းမြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။ ' မရှိမဖြစ်မိုး ' လို့ ဆိုရမယ်ထင်ပါရဲ့ ။
ငရဲ နဲ့ နတ်ပြည်
By thatoeaung55@gmail.com at 03:55
No comments
ငရဲ နဲ့ နတ်ပြည်
တချို့က လောကကြီးကို “အကောင်း”လို့ မြင်တတ်ကြပြီး တချို့က လောကကြီးကို “အဆိုး” လို့ မြင်တတ်ကြပါတယ်။ တကယ်တော့ လောကကြီး ကို လွှမ်းမိုးအုပ်စိုး နေတာဟာ အကောင်း နဲ့ အဆိုး မဟုတ်ဘဲ “အကြောင်း နဲ့ အကျိုး “သာ ဖြစ်ပါတယ်။အကောင်းမြင်သူတွေက လောကြီးမှာ တရားမျှတမှုတွေ ကြီးစိုး လာလိမ့်မယ်လို့ မျှော်လင့် တတ်ကြပြီး၊ အဆိုးမြင်သူတွေက လောကကြီးကို မတရားမှုတွေ လွှမ်းမိုးသွား လိမ့်မယ်လို့ ထင်တတ် ကြပါတယ်။ အမှန်မှာတော့ လောကကြီးဟာ သူတို့ထင်မြင် မျှော်လင့်နေကြသလို မဟုတ်ဘဲ “ရေများ ရေနိုင်၊ မီးများ မီးနိုင်” ဆိုသလို အကြောင်း ရှိသလောက် အကျိုး သက်ရောက် နေခြင်းသာ ဖြစ်ပါတယ်။ အကောင်း အဆိုးဆိုတာ အကြောင်း အကျိုးရဲ့ လက်အောက်ခံပဲ ဖြစ်ပါတယ်။
အကြောင်းနဲ့ အကျိုးကို မှန်မှန် ကန်ကန် နားလည် လက်ခံနိုင်ရင် အကောင်းနဲ့ အဆိုး အဖြစ် အပျက်တွေကို အကြောင်း အကျိုး နိယာမနဲ့ ချိန်ထိုး ကြည့်လိုက်တဲ့အခါ “ကောင်းသော အကြောင်း တရားကြောင့် ကောင်းကျိုး ဖြစ်ပေါ်လာရပြီး၊ ဆိုးသော
အကြောင်း တရားကြောင့် ဆိုးသော အကျိုးတရား ဖြစ်ပေါ်လာရတယ်” ဆိုတဲ့ ဥပဒေသဟာ အမှန်တရားကို မြတ်နိုး သူတိုင်းရဲ့ လောက ဖွဲ့စည်းအုပ်ချုပ်ပုံ(Universal Law) ဖြစ်လာပါတော့တယ်။
အကြောင်း-အကျိုးနဲ့ အကောင်း- အဆိုးကို နားလည်လက်ခံ နိုင်သူဟာ ကုသိုလ်- အကုသိုလ်နဲ့ သုခ-ဒုက္ခကိုလည်း နားလည်လက်ခံ နိုင်ပါတယ်။ ကုသိုလ်ဟာ သုခရဲ့ အကြောင်းဖြစ်ပြီး၊ ဒုက္ခဟာ အကုသိုလ်ရဲ့ အကျိုးဖြစ်ပါတယ်။ ဒီလိုပဲ ကုသိုလ်-
အကုသိုလ်နဲ့ သုခ-ဒုက္ခကို နားလည် လက်ခံနိုင် သူဟာ နတ်ပြည်နဲ့ ငရဲကိုလည်း နားလည် လက်ခံ နိုင်ရပါမယ်။ အကြောင်းကတော့ နတ်ပြည်ဆိုတာ ကုသိုလ်နဲ့ သုခတို့ရဲ့ ကိုယ်ထင်ပြမှု တစ်ခု ဖြစ်ပြီး ငရဲဆိုတာက အကုသိုလ်နဲ့ ဒုက္ခတို့ရဲ့ကိုယ်ပွားတစ်ခုပဲ ဖြစ်ပါတယ်။
တချို့ကတော့ “ဘုံခန်းနဲ့မြှောက်၊ ငရဲခန်းနဲ့ ခြောက်”ဆိုသလို နတ်ပြည်နဲ့ငရဲဆိုတာ လူတွေကို မြှောက်ပင့်ဖို့နဲ့ ခြိမ်းခြောက်ဖို့
ဖန်တီးထားတဲ့ ဒဏ္ဍာရီတွေလို့ ထင်တတ်ကြပါတယ်။ အဲဒါ လုံးဝ မဟုတ်ပါဘူး။ အကြောင်း-အကျိုးနဲ့ ကုသိုလ်- အကုသိုလ်ကို လက်မခံ လိုကြသူ လူ့ဗာလ တချို့ရဲ့ မူမမှန်မှု၊ သူတို့ရဲ့ မိစ္ဆာဝါဒထဲကို ကျုံးသွင်း မောင်းချလို မှုတွေသာ ဖြစ်ပါတယ်။
“ကိုယ့်အမှုကြောင့်၊ အထက်ရောက်ခဲ့၊ အောက်ကျသူမှာ၊ ကိုယ့်မှုသာတည်း။ပမာနှိုင်းထောက်၊ တံတိုင်းဆောက်သူ၊ တွင်းတူးသူ၊ နှစ်မူစံထား ကျင့်လေလော့” ဆိုတဲ့ ရှေးဟောင်း နီတိစကားအတိုင်းပါပဲ။
လူသားတွေ အထက်တန်း (နတ်ပြည်) ရောက်ရတာတွေ၊ အောက်တန်း(ငရဲ) ကျရတာတွေဟာ ကိုယ့်အမှု၊ ကိုယ်ကံကြောင့်သာ ဖြစ်ရတာပါ။ ဘယ်သူ့ ပယောဂမှ မပါပါဘူး။ ကုသိုလ်ကောင်းမှု ပြုတဲ့ သူတွေဟာ နံရံ၊ တံတိုင်း ဆောက်တဲ့ ပန်းရံဆရာတွေနဲ့ တူပါတယ်။ တစ်ချပ် ချင်းစီ ထပ်သွား တဲ့ အုတ်ချပ်တွေနဲ့ အတူ သူတို့ရဲ့ အခြေအနေဟာ လည်း အထက်ကို မြင့်တက်လာရပါတယ်။ ဒါဟာ သူ့လုပ်ငန်းရဲ့ သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ရ တာပါ။
မကောင်းမှု အကုသိုလ် လုပ်တဲ့ သူတွေဟာ တွင်းတူး သမားတွေနဲ့ တူပါတယ်။ တစ်လက်မချင်း တူးထုတ်သွားတဲ့ မြေသားတွေနဲ့ အတူ သူတို့ရဲ့ အခြေအနေဟာ မြေကြီးထဲကို နိမ့်ကျ နစ်ဝင်သွားပါတယ်။ အောက်ခံ မြေသားကို (၁၀)ပေလောက်
တူးမိရင် သူတို့လည်း မြေကြီးထဲကို (၁၀)ပေ နစ်ဝင် သွားတော့တာပါပဲ။ ဒါဟာ သူ့လုပ်ငန်းရဲ့ သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ရတာပါ။
ဒီဥပမာ အတိုင်းပဲ သူတော်ကောင်းတွေဟာ ဘ၀ခန္ဓာကို ငြမ်းပမာ တပ်ဆင်ပြီး မိမိတို့ရဲ့ ကုသိုလ် ပါရမီ အဆောက်အဦးကို မြင့်သည်ထက် မြင့်အောင် တည်ဆောက်ရင်း အထက်တန်း ကျ မြင့်မြတ်သွားကြပါတယ်။ လူမိုက် တွေကတော့ မိမိတို့ရဲ့ ဘ၀ခန္ဓာကို မိမိတို့ဘာသာ တူးဖြို ပစ်ပြီး အောက်တန်းကျ နစ်ဝင်သွား ကြပါတယ်။ တကယ်တော့ နတ်ပြည်နဲ့ ငရဲအပါအ၀င် (၃၁)ဘုံသော သြကာသ လောကကြီးဟာ လူသားတွေ ကိုယ့် ဘာသာကိုယ် တည်ဆောက်ထားတဲ့ နေရာဌာနကြီး တစ်ခုသာ ဖြစ်ပါတယ်။
အခု ဒီအကြောင်းနဲ့ ပတ်သက်တဲ့ ပုံပြင်ကလေး တစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ဒီပုံပြင် ကလေးဟာ ဂျပန်ရိုးရာ ပုံပြင်တစ်ခုကို အခြေခံထားတာပါ။
ငရဲ နဲ့ နတ်ပြည်
တစ်ခါတုန်းက ကျေးလက်က တောရွာတစ်ရွာမှာ တောရဆောက်တည်နေတဲ့ ဆရာတော် တစ်ပါး ရှိခဲ့ဖူးတယ်။ ဆရာတော်ဟာ အရပ်တော်က ပုပြီး ကိုယ်ခန္ဓာကလည်း သေးသေး ကွေးကွေးလေး ဖြစ်တာမို့ ရွာထဲက လူတွေ “ဘုန်းဘုန်းလေး”လို့ ခေါ်ကြတယ်။ ဘုန်းဘုန်းလေး ဟာ ခန္ဓာကိုယ်က ပုပုသေးသေးလေး ဖြစ်ပေမယ့် တန်ခိုးကတော့ အင်မတန်ကြီးမားသတဲ့။
ဘုန်းဘုန်းလေးဟာ တစ်ခါတစ်ရံ တောအုပ်တွေပေါ်က ကျော်ပြီး ဆွမ်းခံကြွလာ တတ်သလို တစ်ခါတစ်ရံ မြစ်ပြင်ပေါ်မှာ လမ်းလျှောက်ပြီး တော့လည်း ဆွမ်းခံကြွလာ တတ်တယ်။ ဒီရွာမှာ အမြဲတမ်းလိုလို ဆွမ်းခံကြွနေပေမယ့် ဘုန်းဘုန်းလေး
ဘယ်နေရာမှာ သီတင်းသုံးတယ်ဆိုတာ ဘယ်သူမျှ မသိရဘူးတဲ့။ ဘုန်းဘုန်းလေးဟာ စကားနည်းပြီး ပြောရင်လည်း တိုတို ကျဉ်းကျဉ်း ဖြစ်ပေမယ့် အနက် အဓိပ္ပာယ်ကတော့ အင်မတန် ကျယ်ပြန့်သတဲ့။
ဥပမာ ဆိုရရင် တစ်ခါက အသက်(၈၀)လောက်ရှိပြီး အငြိမ်းစား ယူထားတဲ့ အစိုးရ အရာရှိကြီး တစ်ဦးဟာ ဘုန်းဘုန်းလေးရဲ့ အင်မတန် ကျော်ကြားလှတဲ့ ဂုဏ်သတင်းကြောင့် ဆွမ်းခံကြွမယ့်လမ်းမှာ တမင်လာရောက် စောင့်မျှော်ပြီး ဖူးတွေ့
ကန်တော့သတဲ့။ လှူဖွယ်တွေလှူဒါန်း ပြီးတဲ့အခါ “ဆရာတော်ဘုရား တပည့်တော် အတွက် တစ်သက်တာ မှတ်လောက်စရာ သြ၀ါဒစကား ဟောကြား ချီးမြှင့် ပေးတော်မူပါ”လို့ လျှောက်ထားတဲ့ အတွက် ဆရာတော်က “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”လို့ မိန့်ကြားလိုက်ပါတယ်။
ဘုန်းဘုန်းလေးရဲ့ ရိုးစင်းလှတဲ့ သြ၀ါဒ စကားကို နားကြား လိုက်ရတဲ့ အရာရှိကြီး ဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလို ပုံစံမျိုးနဲ့ “အရှင်ဘုရား၊ ဒီလိုတရား စကားမျိုးတော့ တပည့်တော် (၈)နှစ်သား အရွယ်ကတည်းက ကြားဖူးပါတယ် ဘုရား”လို့ ပြန်လည် လျှောက်ထားသတဲ့။ အဲဒီအခါ ဘုန်းဘုန်းလေးက “ရှစ်နှစ်သား အရွယ်ကတည်းက ကြားဖူးပြီးသား တရားစကားကို အသက်ရှစ်ဆယ် အရွယ်ရောက် တာတောင် လက်တွေ့ လိုက်နာဖို့ မလွယ်ကူသေးဘူး မဟုတ်လား”လို့ ထပ်ဆင့် မိန့်ကြားတော်မူပါတယ်။
အဲဒီ အခါကျမှ အရာရှိကြီးဟာ “မှန်လှပါ၊ မှန်လှပါ၊ တပည့်တော် နားလည် ပါပြီဘုရား”လို့ ပျာပျာသလဲ ၀န်ခံရသတဲ့။
ဒီလိုနဲ့ တစ်နေ့တော့ ဘုန်းဘုန်းလေးထံ ဓားပြဗိုလ်ကြီး တစ်ယောက်လာတယ်။ အဲဒီ ဓားပြဗိုလ်ကြီးက လုယက် သတ်ဖြတ်ရာမှာ အညှာအတာကင်း ရက်စက်လွန်းလို့ အင်မတန် နာမည်ကြီးပြီး လူတိုင်းက ကြောက်ရွံ့ရသတဲ့။ ဘုန်းဘုန်းလေးထံ ရောက်လာတဲ့ ဓားပြဗိုလ်ကြီးက “ဆရာတော်ဘုရား၊ လောကမှာ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ် ရှိပါသလား၊ ရှိရင် ငရဲ နဲ့ နတ်ပြည် အကြောင်း တပည့်တော်ကို သင်ပြ ပေးပါဦး”လို့ မေးမြန်းလျှောက်ထားသတဲ့။
အဲဒီအခါ ဘုန်းဘုန်းလေးက ဓားပြဗိုလ်ကြီးရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး “မင်းလို သူတစ်ပါးတွေရဲ့ အသက်ကို ရက်ရက် စက်စက် သတ်ဖြတ်ပြီး သူများ စည်းစိမ် ချမ်းသာတွေကို လုယက်ခိုးယူနေသူ တစ်ယောက်ကို နတ်ပြည်အကြောင်း သင်ပြပေးလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ အပိုပဲပေါ့”လို့ မိန့်ကြားလိုက်ပါတယ်။
ဘုန်းဘုန်း လေးရဲ့ မထောက်မညှာ မိန့်ကြားတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ ဓားပြဗိုလ်ကြီး ဟာ တစ်ခါတည်း မျက်စိ မျက်နှာပျက်ပြီး လက်တွေ တဆတ်ဆတ် တုန်လာအောင် ဒေါသတွေ ထွက်လာတယ်။ ပြီးတော့ ပွက်ပွက်ဆူနေတဲ့ သူ့စိတ်ကို သူမထိန်းနိုင်တော့ဘဲ “ ဒီလောက် မိုက် ရိုင်း တဲ့ ကိုယ်တော်ကို ခေါင်းဖြတ် သတ်ပစ်တာပဲ နားအေးတယ်”
ဆိုပြီး ဆောင်ဓားကို ထုတ်ကာ ဘုန်းဘုန်းလေးရဲ့ ဦးခေါင်းထက်မှာ ချိန်ရွယ်လိုက်သတဲ့။
အဲဒီအခါ ဘုန်းဘုန်းလေးက “အဲဒါ ငရဲပဲ၊ မင်းအတွက် ငရဲတံခါးကြီးပွင့်သွားပြီ” လို့ အမိန့်ရှိလိုက်ပါတယ်။
အဲဒီတော့မှ ဘုန်းဘုန်းလေးဟာ အသက်နဲ့ရင်းပြီး သူနားလည်အောင် ငရဲရဲ့ သဘာဝကို သင်ပြ ပေးလိုက်လို့ ဓားပြဗိုလ်ကြီး သဘောပေါက် သွားတယ်။ ဒါကြောင့် မြှောက်ချီ ထားတဲ့ ဆောင်ဓားကို မြေကြီးပေါ်မှာ အသာ အယာချပြီး လက်အုပ် ချီကာ “
ကျေးဇူးကြီး လိုက်တာ အရှင်ဘုရား။ ခွင့်လွှတ်တော်မူပါ အရှင်ဘုရား”လို့ လျှောက်ထား တောင်းပန်ရင်း ဦးသုံးကြိမ်ချ ကန်တော့လိုက်ပါတယ်။
အဲဒီအခါ ဘုန်းဘုန်းလေက “အဲဒါ နတ်ပြည်ပဲ၊ ဒကာကြီးအတွက် နတ်ပြည် တံခါးကြီး ပွင့်သွားပြီ”လို့ ထပ်မံပြီး အမိန့်ရှိလိုက်ပါတယ်။
ဒီဓမ္မပုံပြင်လေးဟာ ငရဲ နဲ့ နတ်ပြည်ရဲ့ သဘာဝကို လူပြိန်း နားလည်အောင် တစ်စိတ်တစ်ဒေသ ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ ငရဲနဲ့ နတ်ပြည် ရဲ့ သဘာဝ အတိအကျ ကိုတော့ အဘိညာဉ် ရသူများသာ အပြည့်အစုံ သိနိုင်ကြမှာပါ။
နတ်ပြည်နဲ့ ငရဲဆိုတာ ဘုံ၊ နေရာ၊ ဌာနတွေရဲ့ အခေါ်အဝေါ်တွေ ဖြစ်ပေမယ့် ဒီနာမည်တွေမှာ ခံစားမှုပိုင်းဆိုင်ရာ စိတ်ရဲ့ အခြေအနေတွေက အများကြီး လွှမ်းမိုးနေပါတယ်။ ချမ်းသာမှု ကင်းမဲ့တဲ့ အခြေအနေ၊ ဖြစ်ရာဋ္ဌာနဟာ ငရဲဖြစ်ပြီး ချမ်းသာမှု ပြည့်စုံတဲ့ အခြေအနေ ၊ ဖြစ်ရာဋ္ဌာနဟာ နတ်ပြည်ပဲ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ် ဖော်ဆောင်မှုဟာ ငရဲနဲ့ နတ်ပြည်ဆိုတာ သေလွန်ပြီးနောက် တမလွန် ဘ၀ရောက်မှ တွေ့ကြုံခံစားရမယ့် အရာတွေလို့ လွဲမှားစွာတွေး ခေါ်နေသူတွေကို အမြင်မှန် ရစေမှာ ဖြစ်သလို “ဒီဘ၀ ဒီကိုယ်စံ၊ နောက် ဘ၀ နောက်ကိုယ်ခံ လိမ့်မယ်” ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ၀ါဒကိုလည်း စင်ကြယ်စေ နိုင်ပါလိမ့်မယ်။
တကယ်တော့ “ငရဲကျတယ်”ဆိုတာ မကောင်းမှု အကုသိုလ် ဒုစရိုက်ကို လွန်ကျူး မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့ အဲဒီမကောင်းမှု အကုသိုလ်ရဲ့ အပြစ်ကို မုချ ဆတ်ဆတ် ခံစားရတာကို ဆိုလိုတာပါ။ အဲဒီလိုပါပဲ “နတ်ပြည်ရောက်တယ်”ဆိုတာ လည်း ကောင်းမှုကုသိုလ် သုစရိုက်ကို အားထုတ်ပြုလုပ်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာ တော့ အဲဒီကောင်းမှု ကုသိုလ်ရဲ့ အကျိုးကို မုချဆတ်ဆတ် ခံစားရတာကို ဆိုလိုတာပါ။
နတ်ပြည်နဲ့ ငရဲဟာ တမလွန်ဘ၀နဲ့ အကျုံးဝင်သလို ပစ္စပ္ပန် ဘ၀နဲ့လည်း သက်ဆိုင်ပါတယ်။ ကုသိုလ်ကောင်းမှုကြောင့် ဒီဘ၀ ကျေနပ် ကြည်နူးရတဲ့ပီတိ ဟာ ပစ္စုပ္ပန် နတ်ပြည်ဖြစ်ပြီး၊ နောက်ဘ၀ ကောင်းစားရတဲ့ အခြေအနေဟာ တမလွန် ဘဝ
နတ်ပြည်ဖြစ်ပါတယ်။ အကုသိုလ် မကောင်းမှုကြောင့် ဒီဘ၀ ပူပန် ဆင်းရဲရတဲ့ နောင်တဟာ ပစ္စပ္ပန်ငရဲဖြစ်ပြီး၊ နောက်ဘ၀ တွေ့ကြုံရမယ့် ဆိုးဝါးလှတဲ့ အခြေအနေဟာ တမလွန်ဘ၀ ငရဲဖြစ်ပါတယ်။
ပုံပြင်ထဲက ဘုန်းဘုန်းလေး ပြောပြသလိုပဲ နတ်ပြည်နဲ့ ငရဲမျိုးစေ့ဟာ မိမိတို့ရဲ့ နှလုံးသားမှာ ကိန်းအောင်း နေတာမို့ မိမိတို့နဲ့ အနေဝေးလှတာ မဟုတ်ပါဘူး။ ရင်ထဲမှာ ရှိတဲ့ ဒီမျိုးစေ့ကိုပဲ ကုသိုလ်ရေစင်နဲ့ သွန်းဖျန်း လိုက်တဲ့အခါ နတ်ဘုံဗိမာန်တွေ ပေါ်ပေါက်လာပြီး အကုသိုလ်အဆိပ် ရေတွေနဲ့ လောင်းထည့်လိုက်တဲ့အခါ ငရဲကြီးရှစ် ထပ် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
အကြောင်းရှိမှ အကျိုးထင်တတ်တဲ့ လောကကြီးမှာ အကျိုးတရား သက်သက်ဖြစ်တဲ့ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ်တော့ ဘာမျှ ပြဿနာ မဟုတ်ပါဘူး။ အကြောင်း အကျိုးကို ကိုယ်လိုသလို ဆွဲယူချင်တာကသာ ပြဿနာ ဖြစ်ပါတယ်။ “စိတ္တေန နီယတေ လောကော= လောကကြီးကို စိတ်က ဖန်ဆင်းတယ်”ဆိုတဲ့ မြတ်စွာ ဘုရားရှင်ရဲ့ ဆိုမိန့်ချက်ရှိပါတယ်။
ဒါကြောင့် နတ်ပြည်ရော ငရဲပါ(၃၁)ဘုံသော လောကကြီးဟာ လူ့စိတ်တွေ ဖန်ဆင်းထားတဲ့ တကယ့်အရှိတရားတစ်ခု ဖြစ်တယ် ဆိုတာ လွတ်လပ် ပွင့်လင်းတဲ့ စိတ်ထားနဲ့ ရိုးသားစွာ လက်ခံလိုက်ရင် ပြဿနာအားလုံး
ရှင်းလင်းသွားလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။